Colors Rainbow အဖွဲ့အစည်းက လောင်းလုံမြို့နယ်အတွင်းရှိ ဆရာ၊ ဆရာများနှင့် အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

Colors Rainbow အဖွဲ့အစည်းက လောင်းလုံမြို့နယ်အတွင်းရှိ ကျောင်းအသီးသီးမှ ဆရာ၊ ဆရာများနှင့် အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ(Sensitization Workshop )ကို ကမြောကင်း အ.ထ.က ကျောင်းတွင် ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာလ(၂၉)ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲသို့ ပညာရေးမှူးရုံးမှ ပညာရေးမှူးအပါအဝင် ဝန်ထမ်း(၃)ဦးနှင့် လောင်းလုံမြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမ (၂၈)ဦး တက်ရောက်ခဲ့ပါတယ်။

“ဆွေးနွေးပွဲမှာ ဆရာတစ်ယောက်က သူငယ်ငယ် ကျောင်းနေစဉ်အချိန်ကို ပြေးမြင်ပြီး နောင်တရမိပါတယ်တဲ့။ ဒီဆွေးနွေးပွဲကို တက်ပြီးတော့မှ သူငယ်ငယ်က အဲလိုပဲ အတန်းထဲက ဂန်ဒူးလေးလိုနေတဲ့ ကျောင်းသားတစ်ယောက်ကို အုပ်စုဖွဲ့ပြီး အနိုင်ကျင့်ခဲ့ဖူးတယ်။ ခြေ ထောက်နဲ့ ကန်၊ ထုရိုက် မိတယ်ပေါ့နော်။ ကြည့်မရလို့တဲ့။ ဆွေးနွေးပွဲကျမှ သိလိုက်တာ ကျွန်တော် စိတ်မကောင်းဖြစ်မိတယ်လို့ ပြောပါတယ်” လို့ ထားဝယ်မြို့အခြေစိုက် Colors Rainbow အဖွဲ့မှ ဒေါ်အေးမွန်က ပြောပါတယ်။

ထိုပြင် အောက်တိုဘာလ(၃၀)ရက်နေ့တွင်လည်း ကမြောကင်း အ.ထ.ကကျောင်းမှ ကျောင်းသား၊ ကျောင်းသူတွေကိုပါ ကျောင်းအတွင်း LGBT နှင့် SOGIE ဆိုင်ရာ အသိပညာများ ရရှိလာစေရန်၊ လိင်စိတ်ခံယူမှု ကွဲပြားသော ကလေးများနှင့် မတူကွဲပြားမှု အခြေအနေတွေကြောင့် ဖြစ်ပေါ်လာသည့် ခွဲခြားဆက်ဆံမှု ဆိုးကျိုးများကို လျော့ချရန် ရည်ရွယ်၍ တစ်ရက်တာ သင်တန်းပေးခဲ့ပါတယ်။

“ဆရာမတစ်ဦးက ဒီလိုသင်တန်းမျိုးကို အသက် ၁၂ မှ အသက် ၂၅ ကြား ကျောင်းသားလူငယ်တွေကို ပေးဖို့ အထူးလိုတယ်လို့ ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအရွယ်တွေက ကိုယ့်ကိုယ်ကို စဉ်းစားဆင်ခြင်နိုင်စွမ်း နည်းပါးတဲ့အချိန်ဖြစ်လို့ လမ်းမှားရောက်နိုင်ပါတယ်တဲ့။ ဒီထက် အသက်ကြီးသွားပြီဆိုရင် အသိတရားရှိသွားပြီလို့ ပြောပါတယ်” လို့ ထားဝယ်မြို့အခြေစိုက် Colors Rainbow အဖွဲ့မှ ဒေါ်အေးမွန်က ထပ်မံပြောပါတယ်။

အဆိုပါ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ(Sensitization Workshop )တွင် ဆရာ၊ ဆရာမများမှ LGBT တွေရဲ့ အရည်အသွေး၊ အရည် အချင်းတွေကို ထည့်သွင်းဆွေးနွေးသွားကြသလို LGBT ကလေးများ၏ လိုအပ်ချက်တွေကိုလည်း ရေရှည်လုပ်ငန်းစဉ်တွေမှာ ထည့်သွင်းလုပ်ဆောင်သွားရန် ဆွေးနွေးခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.