Colors Rainbow အဖွဲ့အစည်းက ထားဝယ်မြို့နယ် ဇာတ်သဘင်ပညာရှင်တွေနဲ့ ပထမဆုံးအကြိမ် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်
Colors Rainbow အဖွဲ့အစည်းက ဇာတ်သဘင်လောကအတွင်း LGBT တွေ ခွဲခြားဆက်ဆံခံရမှုတွေနဲ့ အခက်အခဲတွေကို နားလည်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ထားဝယ်မြို့နယ် ဇာတ်သဘင်ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ပြုလုပ်ခဲ့ပါတယ်။
Colors Rainbow အဖွဲ့အစည်းက ပထမဆုံးအကြိမ် ကမကထပြုလုပ်ခဲ့တဲ့ ဒီအလုပ်ရုံဆွေးနွေးပွဲကို ထားဝယ်မြို့ ရွှေဧည့်သည် ဟိုတယ်မှာ သြဂုတ်လ (၂၉)ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
“ဒီဆွေးနွေးပွဲကို သဘင်လောကမှာရှိတဲ့ LGBT တွေကို ပျက်ရည်ပြုတာတွေ လျော့နည်းစေဖို့နဲ့ လူအခွင့်အရေးဆိုတာကို နားလည်လာပြီး LGBT တွေကို ဇာတ်သဘင်ပညာရှင်တွေက မြင့်တင့်ပေးစေဖို့ ရည်ရွယ်ပြုလုပ်တာပါ။ ဆွေးနွေးပွဲက သူတို့ရဲ့ ပထမဆုံးအတွေ့အကြုံဖြစ်တော့ စိတ်ထဲမှာ တစ်မျိုးဖြစ်နေပေမယ့် ဆွေးနွေးရင်း နားလည်သဘောပေါက်သွားကြပါတယ်”လို့ ထားဝယ်မြို့အခြေစိုက် Colors Rainbow အဖွဲ့မှ ဒေါ်အေးမွန်က ပြောပါတယ်။
ဒီဆွေးနွေးပွဲကို ထားဝယ်မြို့နယ်ရှိ သဘင်အစည်းအရုံး ဥက္ကဌ၊ သဘင်လူမှုဆက်ဆံရေး ဥက္ကဌ၊ ထားဝယ်မြို့နယ် လူရွှင်တော်များအသင်း ဥက္ကဌ အပါအဝင် သဘင်အနုပညာရှင် (၁၂)ဦး တက်ရောက်ခဲ့ကြပါတယ်။
“အနုပညာသင်တန်းကျောင်းတွေ လာတက်ကြတဲ့သူတွေမှာ အမျိူးသားက (၁၀)ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ အတော်များများက သူတို့တွေပဲ။ လက်ရှိ ဇာတ်မင်းသားတွေထဲမှာ LGBT တွေ အများကြီးရှိပေမယ့် တကယ့်နာမည်ကြီးတဲ့ မင်းသားတွေ ဖြစ်မလာကြဘူး။ ရုပ်ရည်ရော အရည်အချင်းပါ သာနေပေမယ့် သူတို့နောက်ကွယ်က အကြောင်းတွေပေါ်အခြေခံပြီး နေရာမပေးကြတာတွေ ရှိတယ်။ ဒီဆွေးနွေးပွဲ တက်လိုက်ရတဲ့အတွက် ကိုယ်ချင်းစာ နားလည်သွားပါတယ်”လို့ ထားဝယ်မြို့နယ် လူရွှင်တော်များအသင်း ဥက္ကဌ ဦးပန်းပွင့်က ပြောပါတယ်။
ဆွေးနွေးပွဲအတွင်း ဇာတ်သဘင်ဟာ လူထုအတွင်း အသိပညာပေးရာမှာ အကျိုးသက်ရောက်မှု အလွန်အားကောင်းပြီး လူထုအကြား အထင်အမြင်လွဲမှားမှုနဲ့ အမုန်းတရားတွေ ပြန့်ပွားအောင်လည်း လုပ်ဆောင်ရာရောက်နိုင်တဲ့အတွက် အနုပညာဆိုင်ရာ တင်ဆက်မှုတိုင်းမှာ လူ့အခွင့်အရေး အသိအမြင်ရှိဖို့၊ လူထုကြား ခွဲခြားဆက်ဆံမှုနဲ့ အမုန်းတရားတွေ လျော့နည်းပြီး လူအချင်းချင်း လေးစားမှုတွေ ဖြစ်ထွန်းအောင် လုပ်ဆောင်ရာမှာ ဇာတ်သဘင်အနုပညာရှင်တွေရဲ့ အရေးပါပုံတွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။