Grindr အပါအဝင် ဂေး အယ်ပလီကေးရှင်းတွေကို ပိတ်ပင်သွားမယ်လို့ အင်ဒိုနီးရှားကြေငြာ
အင်ဒိုနီးရှားနိုင်ငံဟာ LGBT တွေနဲ့ ပတ်သက်လို့ ဘယ်တုန်းကမှ ဥပဒေပြင်ပ တရားမဝင်တဲ့ ကိစ္စအဖြစ် မသတ်မှတ်ခဲ့ပေမယ့် မကြာသေးခင် ကာလတွေအတွင်း LGBT တွေနဲ့ ပတ်သက်လို့ အစွန်းရောက်တဲ့ လှုပ်ရှားမှုတွေကို တဖြည်းဖြည်း တိုးမြှင့်ပြုလုပ်လာခဲ့တာကို တွေ့နေရပါတယ်။
မကြာသေးခင် လပိုင်းကစပြီး အင်ဒိုနီးရှားနိုင်ငံဟာ ၎င်းတို့နိုင်ငံအတွင်း ရုပ်သံသတင်းဌာနတွေမှာ LGBT တွေနဲ့ ပတ်သက်ပြီး ဝါဒဖြန့်တဲ့သဘောနဲ့ ရိုက်ကူးထုတ်လွှင့်မှုတွေ မပြုလုပ်ဖို့ တားမြစ်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
အလားတူပဲ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီဖြစ်သူကလည်း လိင်တူချင်း ချစ်တာဟာ နျူကလီးယားလက်နက်ထက် ကြောက်စရာကောင်းတဲ့ ကိစ္စရပ်ဖြစ်တယ်လို့လည်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။
LGBT အခွင့်အရေးကို ဆန့်ကျင်တဲ့ အုပ်စုတွေကလည်း လိင်တူချစ်သူအချင်းချင်း ဆက်ဆံပေါင်းသင်း နေထိုင်မှုတွေကို ရာဇဝတ်မှုအဖြစ် ပြဌာန်းသတ်မှတ်ပြီး တားမြစ်အရေးယူမှုတွေ ပြုလုပ်ဖို့ တောင်းဆိုမှုတွေဟာ လည်း တဖြည်းဖြည်း မြင့်တက်လာနေခဲ့ပါတယ်။
LGBT တွေဟာ လူသားသဘာဝနဲ့ ဆန့်ကျင်နေသူများဖြစ်ပြီး ကလေးသူငယ်တွေ လိင်ပိုင်းဆိုင်ရာ စော်ကား နှောင့်ယှက်ခံရဖို့ အန္တရာယ်ပေးနေတဲ့သူတွေ ဖြစ်တယ်ဆိုပြီးလည်း LGBT အခွင့်အရေး ဆန့်ကျင် ကန့်ကွက်တဲ့ အုပ်စုတွေက စွပ်စွဲပြစ်တင်နေကြတာ ဖြစ်ပါတယ်။
အခုအခါမှာလည်း ဒါဇင်နဲ့ချီတဲ့ LGBT ဝဘ်ဆိုက်ဒ်တွေ၊ ဂရင်ဒါ (Grindr) ဘလူးဒ် (Blued) တို့လို ဂေး အယ်ပလီကေးရှင်းတွေကို မကြာခင်မှာ တားမြစ်ပိတ်သိမ်းသွားတော့မယ်လို့ အင်ဒိုနီးရှားနိုင်ငံ အစိုးရက ထုတ်ပြန်လိုက်ပြန်ပါပြီ။
အင်ဒိုနီးရှားနိုင်ငံ သတင်းနဲ့ ပြန်ကြာရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Noor Iza က အစိုးရအနေနဲ့ မကြာခင်မှာ LGBT တွေနဲ့ ပတ်သက်ပြီး ဝါဒဖြန့်ပုံဖော် ရေးသားလွှင့်တင်နေတဲ့ ဝဘ်ဆိုက်ဒ်တွေ၊ ဂေး အယ်ပလီ ကေးရှင်းတွေကို အင်ဒိုနီးရှားပြည်သူတွေ ဝင်ရောက်ကြည့်ရှုလို့ မရအောင် တင်းကြပ်တဲ့ ပိတ်ဆို့မှုတွေ လုပ် ဆောင်တော့မှာ ဖြစ်တယ်လို့ AFP သတင်းဌာနနဲ့ တွေ့ဆုံတဲ့အခါမှာ ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ (၁၄) ရက်နေ့က လူ့စွမ်းအားအရင်းအမြစ်ဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ ဘာသာရေးဝန်ကြီးဌာနနဲ့ အစ္စလာမ်ဘုန်းတော်ကြီးများ အစည်းအရုံးတို့ စုပေါင်းပြီး ပြုလုပ်ခဲ့တဲ့အစည်းအဝေးအရ အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အစည်းအဝေးမှာ ဂေးအယ်ပလီးကေးရှင်းတွေဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ လိင်စာပေ၊ ရုပ်သံ၊ ဓာတ်ပုံများ တိုက်ဖျက်ရေး ဥပဒေကို ချိုးဖောက်နေပြီး ကလေးသူငယ်များ အကာအကွယ်ပေးရေး ဥပဒေတွေနဲ့ ဆန့်ကျင်ရာ ရောက်နေတဲ့အတွက် လက်ရှိမှာ Grindr အပါအဝင် ဝဘ်ဆိုက်ဒ်နဲ့ အယ်ပလီကေးရှင်း စုစုပေါင်း (၈၀) လောက်ကို ဖျက်သိမ်းဖို့ အတည်ပြုခဲ့ကြတယ်လို့ Buzz Feed News သတင်းဌာနရဲ့ ရေးသားဖော်ပြချက်အရ သိရပါတယ်။
LGBT အခွင့်အရေး ဆန့်ကျင်တဲ့ အုပ်စုတွေက ဂေး အယ်ပလီကေးရှင်းတွေဟာ အွန်လိုင်းကနေ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကား အမြတ်ထုတ်မှုတွေ ပြုလုပ်ဖို့ ဆုံရပ်သဖွယ် ဖြစ်နေတယ်လို့ စွပ်စွဲထားကြပေမယ့် တက်ကြွလှုပ်ရှားသူတွေကတော့ LGBT တွေအပေါ် မုန်းတီးတဲ့အတွက် နှိပ်ကွပ်မှုတွေကို တရားဝင် ပြုလုပ်နိုင်ဖို့ ဒီကိစ္စကို ရမယ်ရှာတဲ့သဘောသာ ဖြစ်တယ်လို့ ပြန်လည်စွပ်စွဲထားပါတယ်။
Arus Pelangi လို့ အမည်ရတဲ့ LGBT အဖွဲ့တစ်ဖွဲ့ရဲ့ ဥက္ကဌဖြစ်သူ Yuli Rustinawati ကတော့ ဂေး အယ်ပလီကေးရှင်းတွေကို အသုံးမပြုဖို့ ပိတ်လိုက်မယ်ဆိုရင် LGBT အသိုင်းအဝိုင်းတစ်ခုလုံး ပိုမိုအထီးကျန်သွားလိမ့်မယ်လို့ သတိပေးပြောဆိုခဲ့ပါတယ်။
“အကယ်၍ ဂေး အယ်ပလီကေးရှင်းတွေကို ပိတ်လိုက်မယ်ဆိုပါစို့။ LGBT တွေအနေနဲ့ အင်တာနက် ကမ္ဘာကနေ သူငယ်ချင်းမိတ်ဆွေတွေ မရနိုင်တော့တဲ့အတွက် သူတို့တွေကို အထီးကျန်သွားအောင် လုပ်လိုက်သလိုပဲ ဖြစ်သွားလိမ့်မယ်” လို့ Yuli Rustinawati က ပြောဆိုခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့စတုတ္ထမြောက် လူဦးရေ အများဆုံးနိုင်ငံ တစ်နိုင်ငံလည်း ဖြစ်ပါတယ်။