ချစ်ခြင်းခွန်အား ပေးသနားပါ (အခန်းဆက်)

“ ဗျာ… ကို… ကို ဘယ်လို ပြောလိုက်တယ်…”

ကန်တော်ကြီး ရေပြင်ကို မတ်တပ်ရပ်ရင်း ငေးမောနေတဲ့ ကိုက တည်ငြိမ်လွန်းနေတာမို့ သုတကို (ကို)ဆိုသော အံ့ဘုန်းမြတ်ကို မယုံကြည်နိုင်ခြင်းများ ရောယှက်လျှက် ထိုင်ခုံလေးမှာထိုင်ရင်း မော့်ကြည့်နေမိသောအခါ ကိုက ဘောင်းဘီအိတ်ထဲ လက်ထိုးနှိုက်လိုက်ရင်း….သူ့အား မကြည့်ဘဲ ကျောခိုင်းထားရင်းမှ…

“ ဟုတ်တယ်ညီ… ကိုတို့ လမ်းခွဲကြတာ ပိုကောင်းမယ်လို့ ကိုယ်ထင်တယ်…”

ဒီစကားကို လွယ်လွယ်နှင့် ပြောထွက်ပါသော ကိုကတော့ ဘယ်လိုနေမည် မသိ။ သုတကိုရင်ထဲမှာတော့ နာကျင်လှိုက်တက်လာပါသဖြင့် မျက်ရည်ကလေးများတောင် ရစ်ဝိုင်းလာပါ၏။

လမ်းခွဲကြတာ ပိုကောင်းမယ်လို့ ထင်ပါတယ်တဲ့…။ လမ်းခွဲကြမယ်တဲ့။

လွယ်လွယ်နဲ့ ပြောရက်ပါသော ကို့ကို သုတကို ခေါင်းကလေး မော့်ကြည့်လိုက်ပြီး တုန်ရီလှပါသော လေသံဖြင့်…

“လမ်းခွဲတယ်ဆိုတာ ထင်သလောက် လွယ်သလားကို… ပြီးတော့ကို ကျွန်တော့်ဘက်ကို နည်းနည်းလေးမှကို မကြည့်ပေးတော့ဘူးလား။ ချစ်ခြင်းတစ်ခုက ဖြတ်တောက်ရတာ လွယ်ပေမယ့် အဲ့ဒီအထဲမှာ ပျော်ဝင်နေတဲ့ နှစ်နှစ်ကျော်ဆိုတဲ့ သက်တမ်းထဲမှာ သံယောဇဉ်တွေပါနေတယ်ကို… ညီ အဲဒါတွေကို လွယ်လွယ်နဲ့ ဘယ်လို ဖျောက်ဖျက်ပစ်ရမှာလဲ…”

“ကြိုးစားပါညီ အဲဒါ ပိုကောင်းလို့ပါ။ အထူးသဖြင့် အရမ်းခံစားတတ်တဲ့ ညီ့အတွက် ကို ပြောနေတာပါ… ညီ့ကို ဒီထက်ပိုပြီး ကိုယ်မခံစားစေချင်တော့ဘူး…”

“အဟက်… ဟား… ဟား… ဟား…”

သုတကို ခြောက်ကပ်စွာဖြင့် အားရပါးရ အော်ရယ်ပစ်လိုက်သောအခါ ကိုက သူ့အား အံ့သြစွာ ကြည့်လာပါ၏။ နှလုံးသားတည့်တည့်အထိ စူးနစ်အောင် စိုက်ထည့်လိုက်ပြီးမှ ဒီထက်ပိုပြီးမခံစားစေချင်တော့ဘူးတဲ့။ အစွဲအလမ်းကြီးပြီး အချစ်ကြီးတတ်တဲ့ ညီတို့ရဲ့ နှလုံးသားသည်သာ ညီတို့ရဲ့ ကိုးကွယ်ရာပါကို… အဲဒီတစ်ခုလုံး ဆုပ်ခြေခံလိုက်ရပြီးမှ ဒီထက်ခံစားရတာမျိုး ရှိဦးမှာမို့တဲ့လား။

ရင်နာလိုက်တာကို… ရင်ထဲမှာ နင့်အောင်ကို နာလိုက်တာ။ ကျွန်တော် သိပ်ချစ်ပါသော ကိုက ကျွန်တော့်ကိုလည်း အသည်းနင့်အောင် ထပ်တူထပ်မျှ ပြန်ချစ်နေပါတယ်လို့ နှစ်နှစ်ကျော်အောင် ထင်ထားခဲ့ပါသော ကျွန်တော့်ရဲ့အတွေးတွေကို မနေ့က ရစရာမရှိအောင်ကို ကိုက တစ်စစီ ရိုက်ချိုးပစ်လိုက်တာ သမ္မတရုပ်ရှင်ရုံရှေ့မှာပါ။

သူငယ်ချင်းတစ်ယောက်က သတင်းပေးထားတာ ကြာပြီ။ ကိုက တစ်ခြားကောင်လေး တစ်ယောက်နဲ့ တွဲနေတယ်တဲ့။မယုံပါဘူး… အဲ့ဒီစကားတွေကို ကျွန်တော် မယုံပါဘူး ကို… သူတို့ စကားတွေကို ကျွန်တော်ယုံလိုက်ရင် ကို့ရဲ့အချစ်တွေကို ကျွန်တော်စော်ကားမိသွားမှာပေ့ါ။

သူငယ်ချင်းတစ်ယောက်က သတင်းပေးထားတာ ကြာပြီ။ ကိုက တစ်ခြားကောင်လေး တစ်ယောက်နဲ့ တွဲနေတယ်တဲ့။မယုံပါဘူး… အဲ့ဒီစကားတွေကို ကျွန်တော် မယုံပါဘူး ကို… သူတို့ စကားတွေကို ကျွန်တော်ယုံလိုက်ရင် ကို့ရဲ့အချစ်တွေကို ကျွန်တော်စော်ကားမိသွားမှာပေ့ါ။ မစော်ကားရဲပါဘူး ကို… ကျွန်တော် မစော်ကားရဲပါဘူး… ကို တကယ်ချစ်ခဲ့တယ်ဆိုတာ ကျွန်တော်သိတာပဲ…

မယုံရင်လိုက်ကြည့်တဲ့ သူငယ်ချင်းတစ်ယောက်ကအာမရဲရဲကြီးခံပြီး သူသတင်းရထားတဲ့ ရုပ်ရှင်ရုံအရှေ့ကိုလက်အတင်းဆွဲပြီး လိုက်ပြတာလေ။ ရုပ်ရှင်ရုံရှေ့မှာ နာရီဝက်လောက်စောင့်လိုက်ရတယ်။

သူငယ်ချင်း ပြောတဲ့အတိုင်းပဲ ကို ရောက်လာခဲ့ပါတယ်။

ဒါပေမယ့် ကို တစ်ယောက်ထဲ မဟုတ်ဘူး…။ ကျွန်တော် တစ်ခါမှ မမြင်ဖူးတဲ့ ကျွန်တော့်အရွယ် ကောင်လေးတစ်ယောက်ဟာ ကိုနဲ့အတူတူ ဘာလို့ ပါလာရတာလဲ။ ကိုက အဲ့ဒီကောင်လေးရဲ့လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်တာလေ။ အဲဒီကောင်လေးကရောပါပဲ။ ကြည့်ပါဦး ပျော်နေ၊ ရယ်နေလိုက်ကြတာ ပတ်ဝန်းကျင်ကိုတောင် သတိထားမိကြပုံ မပေါ်ကြပါဘူး။ သိပ်မကွာတဲ့ အလှမ်းတစ်နေရာကနေ သုတကြည့်နေတာကို မမြင်ကြဘူးလေ။ ရင်ထဲမှာ နင့်ပြီးနာသွားလိုက်တာ ဘာဆက်လုပ်လို့ လုပ်ရမှန်းတောင် မသိတော့ပါဘူး… ထိုနေရာမှာပဲ ငူငူကြီး ရပ်နေမိတာလေ။

သူငယ်ချင်းများလားဆိုတဲ့အတွေး ကျွန်တော့်ခေါင်းထဲကို အတင်းထိုးသွင်းကြည့်ပါသေးတယ်။ မရဘူးကို… အဲဒီအတွေးကို ကျွန်တော် သွင်းလို့ မရဘူး။ ဒီလိုအပြုအမူ အနေအထိုင်တွေက သူငယ်ချင်းတွေမှ မဟုတ်တာ။

သူငယ်ချင်းက လက်ကို တစ်ချက်ဆောင့်ဆွဲကာ သတိပေးလိုက်တာမို့ သူငယ်ချင်းလုပ်သူ၏ မျက်နှာလေးကို သူ မဝံ့မရဲလေး ကြည့်လိုက်မိပါသည်။ သူ့အတွက် မခံမရပ်နိုင် ဖြစ်နေပါသော သူငယ်ချင်းက သူ့လက်ကို အတင်းဆွဲကာ ကို့နားသို့ ဆွဲခေါ်လာတော့ သူယက်ကန်ယက်ကန်လေး ပါသွားခဲ့တာလေ။

ဒါကို မြင်မိတဲ့ကိုက ကျွန်တော့်ကို အံ့ဩလွန်းလို့ ဝိုင်းစက်နေပါသော မျက်ဝန်းများနှင့် ကြည့်လာတာမို့ သူ့နှုတ်ကနေ မပွင့်တပွင့်လေး ခေါ်မိလိုက်တာက…

“ ကို…” လို့ရယ်ပါ။

ကို မျက်စိမျက်နှာတွေပျက်နေတာ သိသာပါတယ်။အဲ့ဒီကောင်လေးက ကို့ကိုတစ်ချက် သူ့ကိုတစ်ချက်ကြည့်ပြီး မေးလာလိုက်တာ…

“ မောင်… အဲဒါဘယ်သူလဲ…”တဲ့လေ။

မောင်… မောင်တဲ့…

အဲဒါ ကို့အနားက ကောင်လေးနှုတ်ဖျားကနေ ကို့အတွက်ကို မောင်ဟု ရည်ညွှန်းပြီး ထွက်ကျလာတဲ့ စကားလုံးမို့ မောင် ဘာပြန်ဖြေလိမ့်မလဲလို့ စောင့်ကြည့်နေမိတဲ့သုတ… ကို့နှုတ်ဖျားမှ ပွင့်အန်ထွက်ကျလာမယ့် စကားလုံးလေးကို မျှော်လင့်စောင့်စားလိုက်သောအခါ…

“အဲ့ဒါ ကိုယ့်ညီလေးလေ…”တဲ့။

ညီလေး… ညီလေး ဟုတ်လား… ပြောရက်လိုက်တာကိုရယ်။ ကျွန်တော်ဟာ ကိုအရမ်းချစ်ရပါတဲ့ ကို့ရဲ့ ချစ်သူပါလို့ ကို့ရဲ့ နှုတ်ဖျားကနေ ရဲရဲဝံ့ဝံ့ ဘာလို့ ပြောမထွက်ရတာလဲ။ ရင်ထဲမှာ နာကျင်မွန်းကျပ်သွားသောကြောင့် ကိုယ်ကလေး ယိုင်နဲ့သွားသောအခါ သူငယ်ချင်းက သူ့လက်မောင်းလေးကို လျင်မြန်စွာ ဖမ်းဆုပ်ထိန်းကိုင်လိုက်ပြီးနောက်…

“ဒီမှာ ကိုအံ့ဘုန်းမြတ်…”

“မင်းပိုင်…”

မင်းပိုင်အကြောင်းကို သူအသိဆုံးပါ ။ ထို့ကြောင့် မင်းပိုင်ကို အလျင်အမြန်လေး တားလိုက်တာမို့ မင်းပိုင် သူ့ကို ဇဝေဇဝါလေးနှင့် ကြည့်လာသောအခါ…

“ငါက ကို့ရဲ့ ညီလေးပဲ… ဟုတ်တယ်မလား”

“ဟာ… အဲ့ဒါမင်းရဲ့ချစ်…”

“မင်းပိုင်…”

သူ့အသံလေး ခပ်ဆတ်ဆတ်ကလေး ထွက်သွားတာမို့ မင်းပိုင်ဆက်မပြောတော့….သူ့ကိုထားပြီး အနားမှ ချာကနဲ လှည့်ထွက်သွားသည်။ စိတ်ဆိုးသွားပြီပေ့ါ။ အဲ့ဒါ သူ့အတွက်နဲ့ မခံချင်လွန်းလို့ဆိုတာ သူသိပါသည်။

သူ ကို့ကို လက်တွဲထားသော ကောင်လေးအား အတတ်နိုင်ဆုံး ပြုံးပြလိုက်ကာ…

“သူငယ်ချင်းတို့ နှစ်ယောက်ကို အနှောက်အယှက် ပေးမိသွားပြီ ထင်တယ်။ငါ့အစ်ကိုက မင်းကို တော်တော်လေး ချစ်တယ် ထင်တယ်ကွ။ မင်းအကြောင်းတွေ ငါ့ကို ခဏခဏ ပြောပြတယ်လေ…”

“ဟုတ်လား…”

သူ့အရွယ် ကောင်လေးဆီမှ ကျေနပ်စွာပြုံးလိုက်မိသော အပြုံးတစ်ပွင့်ကို တွေ့လိုက်သောအခါ သူ ကို့မျက်နှာလေးအား မော့်ကြည့်လိုက်တော့ ကို့မျက်နှာက သိသိသာသာ ပျက်ယွင်းပြီး အုံ့မှိုင်းလာတာမို့ သူ ကိုတို့ နှစ်ယောက်ကို နှုတ်ဆက်ပြီး လှည့်ထွက်လာလိုက်သောအခါ…

“ညီ…”

ကို့အသံသဲ့သဲ့က ထွက်လာသဖြင့် သူ ခြေလှမ်းလေး ခဏတာ တုံဆိုင်းရပ်တန့်သွားပြီးနောက် ကျလာသော မျက်ရည်များကို ကို့အား မမြင်စေချင်သောကြောင့် အပြေးကလေးတစ်ပိုင်းနှင့် ထွက်လာခဲ့ပေမယ့် သူခြေထောက်တွေက မခိုင်ချင်တော့ပါ။ ရှိသမျှအားအင်၊ ရှိသမျှသော ခွန်အားတို့ကို အတတ်နိုင်ဆုံးစုပြီး သူ ပြေးထွက်လာခဲ့လိုက်တာ ဂုံးတံတားကြီးပေါ်လည်း ရောက်ရော ဆက်မပြေးနိုင်တော့ပါဘူး။ ထိုင်ပြီး ငိုချလိုက်ပါသည်။ ဘေးနားက လူတွေ ကားတွေကို သူဂရုမပြုအား အားရပါးရ အော်ငိုပစ်လိုက်ပါသည်…။

လုပ်ရက်လိုက်တာကို… ကိုက ကျွန်တော့်အပေါ် သစ္စာရှိလိမ့်မယ်လို့ ကျွန်တော်ရဲရဲကြီး ယုံကြည်ခဲ့တာပါ။ ဘာလို့ အဲဒါတွေကို တစ်စစီ ရိုက်ချိုးပစ်လိုက်ရတာလဲ…။အဲဒီယုံကြည်မှုတွေက တန်ဖိုးကြီးလွန်းပါတယ်ကို… လွယ်လွယ်နဲ့မရပါဘူး။ ရက်စက်လိုက်တာ ကိုရာ…

“ကို ညီ့ကိုချစ်ပါတယ်…”

ဆိုသော ကို့နှုတ်ဖျားမှ ပွင့်ကျလာသော စကားသံများကြောင့် သူအတိတ်ဆီမှ အာရုံများကို ပြန်လည်စုဆည်းလိုက်မိ၏။

“ချစ်ရင် ဘာလို့ အဲ့ဒီလိုတွေ ဖြစ်လာရတာလဲကို…”

ကို့စကားကို သူ ချက်ခြင်း ခွန်းတုံ့ပြန်လိုက်မိသောအခါ…

“ ညီက ကိုယ့်ကိုစိတ်ကျေနပ်မှု အပြည့်အဝ မပေးနိုင်တော့ဘူးလေ…”

“ စိတ်ကျေနပ်မှု ဟုတ်လား ဘယ်လိုပုံစံမျိုး စိတ်ကျေနပ်မှုမျိုးလဲကို…”

“ကို နာမည်မတတ်တတ်ပေမယ့် ညီ့အပေါ် felling မရှိတော့တာတော့ သေချာပါတယ်…”

ရင်ထဲမှာ လစ်လပ်ဟာသွားလိုက်သလိုပါပဲ…

“ကျွန်တော် ဘာတွေ ညံ့ဖျင်းခဲ့လို့လဲ။ ကို့လိုအင်ဆန္ဒ အရာရာတိုင်းကို ဘယ်နှစ်ခါများ ကျွန်တော် မလိုက်လျောပေးခဲ့တာများ ရှိခဲ့လို့လဲကို… အရာရာတိုင်းသာ ကို့သဘော ကို့ဆန္ဒကိုသာ ကျွန်တော် ဦးတည်ခဲ့တာပါ။ ညီဘာတွေများ အမှားလုပ်ခဲ့မိလို့လဲကို…”

“ညီ ကို့အပေါ်ကောင်းခဲ့တယ်ဆိုတာ ကိုသိပါတယ်။ ဒါပေမယ့် ကိုယ့်နှလုံးသားက ညီ့ကိုလက်မခံတော့တာ ညီဟာ ကိုယ့်အတွက် ရိုးသွားလို့ နေမှာပါ…”

“ရိုးသွားလို့… ရိုးသွားလို့ဟုတ်လားကို… အဲ့ဒီစကားကို ကျွန်တော့်မျက်နှာကို တည့်တည့်ကြီးကြည့်ပြီး ပြောကြည့်ပါလား…”

ကို မကြည့်။ ကြည့်မလာပါသောကြောင့် သူ့ ရှိုက်သံလေးက သိသိသာသာ ထွက်လာပါတော့သည်။

“ကိုလမ်းခွဲချင်တဲ့ ရည်ရွယ်ချက်က အဲ့ဒါကြောင့်လား…”

ကို ဘာမှ ပြန်မပြော။ နှုတ်ဆိတ်၍ သာနေတာမို့…

“ရင်ထဲမှာ နင့်အောင်နာတယ်ကို… အရမ်းချစ်ခဲ့တာ ဘဝတစ်ခုလုံးအထိဆိုရင် ကိုယုံမှာလား…
ကျွန်တော့်ကို မငဲ့ချင်ရင် နေပါ ကို…။ စစ်စစ်မှန်မှန်နဲ့ တကယ်ကြီးချစ်ခဲ့တဲ့ ကျွန်တော့်အချစ်တွေကိုတော့ ကို နည်းနည်းလောက် ငဲ့သင့်ပါတယ် တစ်ကယ်ပဲ ကို့အတွက် ကျွန်တော်က ရိုးသွားခဲ့တာလား… ဟုတ်လား… ပြောစမ်းပါကို…”

နှုတ်ဆိတ်၍သာ နေနေသော ကို့ကို သူ အားမလိုအားမရဖြင့် ပုခုံးနှစ်ဖက်မှဆွဲကိုင်လှုပ်ယမ်းလိုက်သောအခါ…

“ညီ့ကို ကို မချစ်နိုင်တော့ဘူးဆိုတာတော့သေချာတယ်ညီ… ဦးနှောက်က သစ္စာရှိပေးရမယ်ဆိုတာသိပေမယ့် ကို့နှလုံးသားကမှလက်မခံတော့တာ ကိုဘာဆက်လုပ်ရမလဲ…”

“ကို့ ကို့နှလုံးသားက ကျွန်တော့် ကျွန်တော့်ကို လက်မခံနိုင်ဘူးတဲ့လား… မထင်ထားမိဘူးကို တစ်နေ့ ဒီလိုအဖြစ်မျိုး ကြုံတွေ့လာရလိမ့်မယ်လို့လေ။ အိမ်မက်တောင် မမက်ဖူးပါဘူး။ ကျွန်တော်မက်ဖူးတဲ့ အိမ်မက်တွေက ရွှေရောင်အနာဂတ်မှာ အတူတူနေကြမယ် နှစ်ကိုယ်တစ်ဘဝ ထူထောင်ကြမယ် ဆိုတာမျိုးလေးပါ… အခု အဲဒါတွေ အဲဒါတွေကို ကျွန်တော်က ဘာလုပ်ရတော့မှာလဲ…”

“မေ့ပစ်လိုက်ပါညီ…မေ့ပစ်လိုက်ပါ…”

“မေ့ပစ်ရမယ်… မေ့ပစ်ရမယ်… ဟုတ်လား…”

ကို့မျက်နှာကို သူ စူးစူးစိုက်စိုက် ကြည့်လိုက်မိပြီးနောက်…

“ကို့မှာ တကယ်ချစ်တတ်တဲ့ နှလုံးသားတစ်စုံ ရှိတယ်လို့ မျက်စိမှိတ်ယုံပြီး ချစ်ခဲ့မိတာ ကျွန်တော်မှားခဲ့တာပေ့ါနော်…”

“ကိုယ် စိတ်မကောင်းပါဘူးညီ…”

“ရပါတယ် … ကျွန်တော့် ကံလို့ပဲသတ်မှတ်လိုက်မယ်…”

“အခု ညီ ခံစားနေရမယ်ဆိုတာ ကိုသိပေမယ့် ကြာတော့လည်း ညီနေတတ်သွားမှာပါ…”

အချစ်ဆိုတာ ကိုယ်က ရက်ရက်ရောရော ပေးလိုက်တိုင်း ပြန်ရတာမျိုးမဟုတ်သလိုသူကရက်ရက်ရောရောပေးတိုင်းလည်း ကိုယ်က ယူချင်ဦးမှ ဖြစ်တာလေတစ်ခါတစ်ရံမှာ ဦးနှောက်က ယူပါလို့ ပြောနေပေမယ့် နှလုံးသားက လက်ခံနိုင်ဦးမှမလား… တစ်ကယ်ချစ်မိတဲ့ နှလုံးသားထဲမှာတော့ ဒဏ်ရာကျန်တတ်ပါတယ်။ အဲ့ဒီဒဏ်ရာက ပြင်းတယ်လို့ ပါးစပ်ကနေ ဖွင့်ပြောရုံနဲ့ လုံလောက်မှာတဲ့လား။ မမှီပါဘူးဗျာ…

“အဟက်… ဒီမှာကို မှတ်ထားပါ ကျွန်တော်က တစ်ကယ်ချစ်တတ်တဲ့လူပါ။ အချစ်ကို ဘဝလို့လည်း ရူးသွပ်စွာ ကိုးကွယ်ခဲ့တဲ့ လူတစ်ယောက်ပါ။ ကိုတို့ကတော့ နေတတ်မှာပေ့ါ။ နှလုံးသားတွေက မာတာကိုး။ ကျွန်တော်က နုနုလေးပါကို… ထိခိုက်ပွန်းပဲ့လွယ်တဲ့ နုနုရွရွ နှလုံးသားလေးပါ။ ကိုက လွယ်လွယ်နဲ့ လမ်းခွဲရက်ပေမယ့် ညီ့ဘဝကတော့ ပျက်စီးသွားတာ တစ်စစီဆိုတာ ကိုသိရဲ့လား။
ထားလိုက်ပါတော့ကို… ကို ကျွန်တော့်ကို ထားသွားလိုက်မှာမလား။ ထားသွားလိုက်ပါကို… ဒါပေမယ့် တစ်ခုတော့ ပြောလိုက်မယ်ကို… ကို့အပေါ်မှာ တကယ်ချစ်ခဲ့တာမို့ အခုလည်း ချစ်နေမယ် နောင်လည်း ချစ်နေမယ်ဆိုတာပါပဲ။ ကို့ကို နှလုံးသားရဲ့ အနက်ရှိုင်းဆုံးအထိကချစ်ခဲ့တာမို့ ကို့ကို ဘယ်တော့မှ မမေ့နိုင်တော့ပါဘူးဆိုတာပါပဲ။ အမြဲသတိရ လွမ်းဆွတ်နေမှာပါ ကို…”

“ညီ ပြောလို့ ကုန်ပြီလား…”

ပြောလို့ ကုန်ပြီလားတဲ့…ထွက်သွားချင်ပြီပေ့ါ… တစ်သက်စာလုံး လမ်းခွဲရမှာဖြစ်သော ကို့မျက်နှာလေးကို သူအငမ်းမရ ကြည့်လိုက်မိပေမယ့်လည်း မျက်နှာလွှဲသွားသော ကို့ကြောင့် သူ့ရင်ထဲမှာ အောင့်သက်သွားကာ မျက်ရည်များပင် ကျလာတာမို့…

“ကို သွားတော့မယ်ညီ…”

ကို သူ့အနားမှထွက်ခွါသွားတော့ သူကို့ လက်ကလေးကိုဖမ်းဆုပ်ကိုင်လိုက်သောအခါ ကို့ခြေလှမ်းတို့က တုန့်ဆိုင်းကာ ရပ်တန့်သွားပါသည်။

“သွေးအေးလိုက်တာ ကိုရယ်… မယုံနိုင်ပါဘူး… ဒါ အိမ်မက်တွေသာ ဖြစ်သွားရင် အရမ်းကောင်းခဲ့မှာပဲ အခုတော့ အိပ်မက်မဟုတ်ဘူးနော်။ ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော့်မှာ ခံနိုင်ရည် မရှိလို့ ကျွန်တော့်ကိုထားမသွားပါနဲ့ ကို…´

အရှက်မရှိဘူးဘဲ ပြောပြောပါ သုတကို မာနနဲ့ သိက္ခာဆိုတာကို ခဝါချပြီး ကို့ကို တောင်းပန်နေမိပါသည်။ ကို ကိုင်ထားသော လက်ကို ဆောင့်ရုန်းလိုက်ပါသည်။ ပြီးနောက် ထွက်သွားပါတော့၏။ ကို ထွက်ခွာသွားသောအခါ ကို့ခြေထောက်ဖျားကလေးတွေနှင့် ပွတ်တိုက်မိသွားသော ရော်ရွက်ခြောက်ဝါဝါတို့က လွင့်ဝဲသွားကြပြီ။

သူထိုနေရာမှာပဲ ငူငူကြီးရပ်နေမိတာ ဘာလုပ်လို့ ဘာကိုင်ရမည်မှန်းတောင်မသိတော့ပါ။

ကို့ကား စက်နှိုးသံကြားလိုက်ရသဖြင့် ယောင်ယမ်းစွာမော့ကြည့်လိုက်မိတော့ ကို့ကားလေးက သူ့အနားမှ ခပ်ကြမ်းကြမ်းမောင်းထွက်သွားပြီ။

မဟုတ်ပါဘူး… အနားမှမဟုတ်ပါဘူး။ ဘဝထဲက အထိပါ။ ကို ဘယ်တော့မှ ပြန်လာတော့မှာမဟုတ်ပါဘူး။

ပါးပြင်က ပူနွေးလာသဖြင့် ယောင်ယမ်းစွာဖြင့်ပွတ်သပ်ကိုင်ကြည့်လိုက်တော့ မျက်ရည်ပူတွေ…

ကို… ဘာလို့လဲ… ဘာဖြစ်လို့လဲကိုရာ… ကျွန်တော်ကို့ကို တစ်ကယ်ချစ်ခဲ့တာပါ။ ဘာဖြစ်လို့ ကွဲကွာရတာလဲ။ ကျွန်တော်အခုကျနေတဲ့မျက်ရည်တွေထဲမှာ ကို့ကိုချစ်တဲ့စိတ်၊ လွမ်းတဲ့စိတ်တွေပါသွားခဲ့ရင် သိပ်ကောင်းမှာပဲနော်ကို… အခုတော့ကိုရယ်… ကျွန်တော်ဘယ်လိုဆက်လုပ်ရတော့မှာလဲဗျာ…

အချစ်ဆိုတာ ကိုယ်က ရက်ရက်ရောရော ပေးလိုက်တိုင်း ပြန်ရတာမျိုးမဟုတ်သလိုသူကရက်ရက်ရောရောပေးတိုင်းလည်း ကိုယ်က ယူချင်ဦးမှ ဖြစ်တာလေတစ်ခါတစ်ရံမှာ ဦးနှောက်က ယူပါလို့ ပြောနေပေမယ့် နှလုံးသားက လက်ခံနိုင်ဦးမှမလား… တစ်ကယ်ချစ်မိတဲ့ နှလုံးသားထဲမှာတော့ ဒဏ်ရာကျန်တတ်ပါတယ်။ အဲ့ဒီဒဏ်ရာက ပြင်းတယ်လို့ ပါးစပ်ကနေ ဖွင့်ပြောရုံနဲ့ လုံလောက်မှာတဲ့လား။ မမှီပါဘူးဗျာ…

 အခန်း ( ၂) ဆက်ဖတ်ရန်
ဘုန်းသင်္ဂါ

Leave a Reply

Your email address will not be published. Required fields are marked *