မြက်ခင်းစိမ်းပေါ်က အနာဂတ်မျိုးဆက်သစ်များရဲ့ ပဲ့ကိုင်ရှင်

ရွှီ… ရွှီ…

အကျီအဖြူရောင်၊ ဘောင်းဘီအဖြူရောင် မြန်မာဘောလုံးအသင်း ဝတ်စုံဝတ်ထားပြီး ဘောလုံးကွင်းထဲမှာ ခရာသံတတွတ်တွတ်နဲ့ ကစားသမားတွေကို အော်ဟစ်ပြောဆိုကာ ဘောလုံး အခြေခံပညာတွေကို သင်ကြားပေးနေသူ တစ်ယောက်… တကယ်တော့ သူဟာ Transgender အမျိုးသားတစ်ဦး ဖြစ်ပါတယ်။

အဖေအမေ ပေးထားတဲ့ နာမည်ကတော့ “အေးငြိမ်းသူ” လို့ ခေါ်ပြီး အများကတော့ သူ့ကို “ကိုသူ” လို့ ခေါ်ကြပါတယ်။ သူ့ရဲ့ မာန်ပါပါ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းကထွက်လာတဲ့ ညွှန်ကြားချက်တွေနဲ့ ဝီစီမှုတ်သံကြားမှာ သူရဲ့ဖြစ်တည်မှုနဲ့ အသွင်အပြင်ကို ဘယ်သူမှ မေးမငေါ့ရဲကြသလို တပည့်တွေကလည်း မလေးမစားမလုပ်ရဲကြတာကို တွေ့ရပါတယ်။ သူ့ဘဝမှာ ဘောလုံးအားကစားနည်းတစ်ခုကိုသာ အားကစားလို့ထင်ပြီးအောင်မြင်တဲ့ ဘောလုံးအားကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်အောင်လည်း ကြိုးစားခဲ့သူ ဖြစ်ပါတယ်။

အခု သူဘောလုံးအားကစားသမား ဘဝကနေအနားယူပြီး အားကစားသမားလောင်းတွေ မွေးထုတ်ပေးဖို့ မြန်အောင်မြို့နယ်၊ အားကစားနှင့် ကာယကော်မတီမှာ ဒု-ဦးစီးအရာရှိအဖြစ်ကော အားကစားနည်းပြအဖြစ်နဲ့ပါ တာဝန်ထမ်းဆောင်နေပါတယ်။ သူ့ရဲ့ဇာတိကတော့ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်၊ ဒိုက်ပျက်ကျေးရွာကဖြစ်ပြီး အဲဒီတုန်းက ဘောလုံးတစ်လုံးရှိရင်ကိုပဲ ရွာမှာ မော်မော်ကြွားကြွားလုပ်နိုင်လောက်အောင် စန်းပွင့်ခဲ့တဲ့ကာလ ရှိခဲ့ဖူးတယ်လို့လည်း ကိုသူ (ခေါ်) အေးငြိမ်းသူက အတိတ်ကိုပြန်ပြောင်းပြီး အခုလို ပြောပါတယ်။

အမေက (၂)တန်းလောက်က ဂါဝန်ဝတ်ပေးဖူးတယ်။ ဝတ်ပေးလို့ ငိုယိုပြီး ရေထဲခုန်ချတဲ့အထိ ဖြစ်ခဲ့ဖူးတယ်။ မိန်းကလေးအဝတ်အစားတွေ ဝတ်ပေးရင် မကြိုက်ဖူးဆိုတာကို အဖေကတော့ သိနေတယ်။ အဖေက ကော်လံကတုံး အကျႌတွေ၊ ယောက်ျားလေး အကျႌတွေနဲ့ ဘောင်းဘီစတိုင်ပင်လေးတွေကို သီးသန့်ချုပ်ပေးခဲ့တယ်။ သူ့ပုဆိုးတွေကိုလည်း ပေးဝတ်တယ်

“အရင်က ရွာတွေမှာ သိပ်မဖွံ့ဖြိုးသေးတော့ ဘောလုံးတစ်လုံးရှိရင်ရှိတဲ့လူက ရွာမှာသူဌေးပဲ။ ဘောလုံးတစ်လုံးရှိရင် တစ်ရွာလုံးကို ချုပ်ထားလို့ရအောင်တောင် ဖြစ်တဲ့ခေတ်ပေါ့” လို့ ကိုသူက ပြောပါတယ်။

မိဘမျိုးရိုးက လယ်သမားတွေဖြစ်ကြပြီး အဖေကတော့ လယ်လုပ်ငန်းကို သူရင်းငှားနဲ့ထားပြီး စက်ချုပ်ပညာနဲ့သာ အသက်မွေးဝမ်းကျောင်း ပြုပါတယ်။ ယောက်ျားလေးလိုနေရတာ၊ ဝတ်စားဆင်ယင်ရတာကို လူမှန်းသိတတ်စအရွယ်ကတည်းက မက်မောနှစ်သက်တတ်ခဲ့ပြီး တစ်ကြိမ်မှာဆို မိန်းကလေးအဝတ်အစားတွေ ဆင်ပေးတဲ့အတွက် ငိုယိုပြီး ရေထဲခုန်ချတဲ့အထိ အကြောက်အကန် ဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

“အမေက (၂)တန်းလောက်က ဂါဝန်ဝတ်ပေးဖူးတယ်။ ဝတ်ပေးလို့ ငိုယိုပြီး ရေထဲခုန်ချတဲ့အထိ ဖြစ်ခဲ့ဖူးတယ်။ မိန်းကလေးအဝတ်အစားတွေ ဝတ်ပေးရင် မကြိုက်ဖူးဆိုတာကို အဖေကတော့ သိနေတယ်။ အဖေက ကော်လံကတုံး အကျႌတွေ၊ ယောက်ျားလေး အကျႌတွေနဲ့ ဘောင်းဘီစတိုင်ပင်လေးတွေကို သီးသန့်ချုပ်ပေးခဲ့တယ်။ သူ့ပုဆိုးတွေကိုလည်း ပေးဝတ်တယ်” လို့ ငယ်ဘဝကို သတိရသွားသည့်အလား ဖျက်ခနဲ့လက်သွားတဲ့ မျက်ဝန်းတစ်စုံနဲ့ ရယ်မောရင်း ကိုသူက ပြောနေပါတယ်။

 

ဘောလုံးအားကစားနဲ့ ပတ်သက်ရင် ဖခင်ဖြစ်သူအနေနဲ့ အထူးတလည် အားပေးတာ၊ ကန့်ကွက်တာမျိုးမရှိခဲ့ပေမယ့် မိခင်ဖြစ်သူကတော့ သူနဲ့အတူ ရန်ကုန်မြို့အထိ အတူလိုက်ပါပြီး အားကစားနဲ့ ကာယပညာသိပ္ပံမှာ အရွေးချယ်ခံရတဲ့အထိ လိုက်ပါကူညီခဲ့တယ်လို့ ဆိုပါတယ်။

၂၀ဝ၃ ခုနှစ် အသက်(၁၅)နှစ်မှာ ရန်ကုန် အား/ကာသိပ္ပံကျောင်းကို စတင်ရောက်ရှိခဲ့ပြီး ကျုံပျော်မှတစ်ဆင့် ပုသိမ်၊ ပုသိမ်မှတစ်ဆင့် ရန်ကုန် စသဖြင့် အခက်အခဲမျိုးစုံတွေကြားကနေ အဆင့်ဆင့်ရွေးချယ်ခံရအောင် ကြိုးစားခဲ့ရပါတယ်။ ရန်ကုန်က အားကစားနဲ့ ကာယပညာသိပ္ပံမှာ တက်ရောက်ခွင့်ရဖို့ ကျုံပျော်မြို့ကနေ သူအပါအဝင် (၃) ယောက်သွားခဲ့ပေမယ့် သူ့တစ်ယောက်တည်းသာ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီတုန်းက သူ ကိုးတန်းကျောင်းသားလေး ဖြစ်နေပါပြီ။

“ကျုံပျော်ကနေ အဆင့်ဆင့်ရွေးတယ်၊ ပုသိမ်ပြီးတော့ ရန်ကုန်မှာ ဆက်ရွေးတယ်။ ဆရာတင်ပေးလိုက်တာ ယောက်ျားလေးတစ်ယောက် မိန်းကလေးနှစ်ယောက်ပေါ့။ ကျုံပျော်ကနေ (၃) ယောက်သွားတာမှာ တစ်ယောက်တည်း အရွေးခံခဲ့ရတယ်” လို့ ကိုသူက ပြောပါတယ်။

နယ်ကနေ မြို့တက်ပြီး အားကစားနဲ့ ကာယပညာသိပ္ပံမှာ ဘောလုံးသမားအဖြစ် ရွေးချယ်ခံရဖို့ ကြိုးစားခဲ့ရာမှာ အရာရာလွယ်လင့်တကူဖြစ်ခဲ့တာမျိုးမဟုတ်ဘဲ မထင်မှတ်ထားတဲ့ အခက်အခဲတွေလည်း အများကြီးကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ ထိုစဉ်က ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ကိုသူက အခုလို ပြောပါတယ်။

အားကစားသိပ္ပံရောက်တော့ နောက်ထပ် သူရင်ဆိုင်ခဲ့ရတဲ့ ပြဿနာကတော့ အစားအသောက် ပြဿနာပါပဲ။ နေ့စဉ်နေ့တိုင်း မနက်ငါးဟင်း၊ ညနေ ကြက်ဥဆိုတာက သူ့အတွက် အတော်လေးငြီးငွေ့စရာ ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းမဆင်းနိုင်ရင် ပြန်လွှတ်ခံရမယ်ဆိုတဲ့ ဆရာတွေရဲ့ စကားတွေကြောင့် ကျွေးသမျှ အကုန်စားနိုင်အောင် ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။

“သားအမိတွေ ဒုက္ခရောက်လိုက်တာ။ ပါသမျှပစ္စည်းလေးတွေ ပေါင်ပြီးသုံးရတဲ့အထိ ဖြစ်သွားခဲ့တယ်။ သတ်မှတ်ထားတဲ့ အချိန်က (၂) ရက်ဆိုပေမယ့် တကယ်ကြာသွားတာက (၅)ရက်လောက်ရှိတာကိုး။ အမေပါလိုက်တာဆိုတော့ နှစ်ယောက်စရိတ်ကို (၁၀) ရက်လောက် ကြာသွားတော့ ပါသမျှစရိတ်တွေကလည်း ပြတ်သွားတယ်”

အားကစားသိပ္ပံရောက်တော့ နောက်ထပ် သူရင်ဆိုင်ခဲ့ရတဲ့ ပြဿနာကတော့ အစားအသောက် ပြဿနာပါပဲ။ နေ့စဉ်နေ့တိုင်း မနက်ငါးဟင်း၊ ညနေ ကြက်ဥဆိုတာက သူ့အတွက် အတော်လေးငြီးငွေ့စရာ ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းမဆင်းနိုင်ရင် ပြန်လွှတ်ခံရမယ်ဆိုတဲ့ ဆရာတွေရဲ့ စကားတွေကြောင့် ကျွေးသမျှ အကုန်စားနိုင်အောင် ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။

“အာဟာရဖြစ်ရင်ပြီးရော ကြေးမများနိုင်တော့ဘူး။ အိမ်မှာ အမေ့လက်ရာကို ဂျီကျခဲ့တာတွေက ဒီမှာ အကောင်းဆုံးသင်ခန်းစာရခဲ့တယ်” လို့ ကိုသူက ရယ်မောရင်း ထိုစဉ်ကအခြေအနေကို ပြန်ပြောင်းပြောပြပါတယ်။

ထိုစဉ်က အားကစားနဲ့ ကာယပညာသိပ္ပံမှာ မနက်(၅)နာရီဆို အိပ်ရာထ၊ လေ့ကျင့်ခန်းလုပ်၊ (၈)နာရီအပြီးအစီး ရေချိုး၊ ကိုယ်ဝတ်ထားတာတွေ လျှော်လှန်း၊ နံနက်စာ အပြေးစားပြီး ကျောင်းတက်ကြရပါတယ်။ လေ့ကျင့်ခန်းမှာ ပြေးလွှားပင်ပန်းထားရတော့ စာသင်ချိန်(၃)ချိန်လောက်ဆို အိပ်ငိုက်ပြီ။ နေ့ခင်း (၁၂) နာရီ အဆောင်ပြန်လို့ အပေါ်ထပ်တက်ရင် ခြေနင်းတာ၊ တံခါးဂျက်ထိုးတာမျိုးမှာ အသံကျယ်လို့ဆိုပြီး အိပ်နေတဲ့ စီနီယာတွေက ဆရာမကို သွားတိုင်ကြတဲ့အတွက် အရိုက်ခံခဲ့ကြရတာဟာလည်း အခုနေပြန်တွေးရင် အမှတ်ရစရာတွေပါပဲတဲ့။

“အဲအချိန်မျိုးမှာ အိမ်ကိုလွမ်းတဲ့စိတ်တွေ ဖြစ်ခဲ့ဖူးတယ်” လို့ ကိုသူက ပြောပါတယ်။

 

အားကစားနဲ့ ကာယပညာသိပ္ပံသို့ ရောက်ပြီး (၆) လလောက်အကြာ မန္တလေး အား/ကာသိပ္ပံကျောင်းအသင်းနဲ့ သူပါဝင်တဲ့ ရန်ကုန်အား/ကာသိပ္ပံ ကျောင်းအသင်းတို့ ကန်ကြတဲ့ပွဲမှာ ရှေ့တန်းကစားသမားအဖြစ်နဲ့ ပါဝင်ကစားခွင့်ရခဲ့ပြီး သူသွင်းလိုက်တဲ့ဂိုးကြောင့် မန္တလေးသိပ္ပံအသင်းကို အနိုင်ရရှိခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ ပထမဆုံးအောင်မြင်မှုပဲ ဖြစ်ပါတယ်။

သူဟာ အားကစားနဲ့ကာယပညာ သိပ္ပံတက်ရင်း ဆယ်တန်းကိုလည်း နှစ်ချင်းပေါက်အောင် ကြိုးစားနိုင်ခဲ့ပါတယ်။ အဲဒီတုန်းက လမ်းပန်းဆက်သွယ်ရေးမကောင်းခဲ့တာကြောင့် ဆယ်တန်းအောင်ပြီး နောက်တစ်လလောက်ကြာမှ ဝမ်းသာခွင့်ရခဲ့တာဟာလည်း သူ့ဘဝရဲ့နောက်ထပ်အမှတ်ရစရာလေး ကိစ္စတစ်ခုလို့လည်း သိရပါတယ်။

၂၀ဝ၆ ခုနှစ် ယူ-၁၉ မြန်မာအမျိုးသမီးဘောလုံးအသင်းမှာ စတင်ရွေးချယ်ခံရပြီး ၂၀ဝ၇ ခုနှစ် ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှ ယူ-၁၉ အမျိုး သမီးဘောလုံးပြိုင်ပွဲမှာတော့ သူပါဝင်ခဲ့တဲ့အသင်းဟာ ကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။ ၂၀ဝ၇ ခုနှစ်မှာပဲ သူဟာ ဖူဆယ်ဘောလုံးအားကစားထဲ ပြောင်းရွှေ့ဝင်ရောက်ခဲ့ပြီး မြန်မာအမျိုးသမီး ဖူဆယ်ဘောလုံးအသင်းနဲ့အတူ ၂၀၁၁ အင်ဒိုနီးရှားဆီးဂိမ်း၊ ၂၀၁၃ မြန်မာဆီးဂိမ်းပြိုင်ပွဲတွေမှာ ဝင်ရောက်ကစားခဲ့ပါတယ်။ အင်ဒိုနီးရှားဆီးဂိမ်းမှာတော့ တတိယဆုကြေးတံဆိပ်ရတဲ့အထိ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ အားကစားသမားတစ်ဦးအနေနဲ့ ရှစ်နှစ်ကြာ နိုင်ငံ့တာဝန်ကို ထမ်းရွက်အပြီးမှာတော့ သူနှစ်သက်ရာနယ်ပယ်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီး ဘောလုံးနည်းပြအဖြစ် စတင်ပြောင်းလဲခဲ့ပြန်ပါတယ်။

Transgender အမျိုးသား အား/ကာ ဒု-ဦးစီးအရာရှိတစ်ယောက်အနေနဲ့ တာဝန်စတင်ထမ်းဆောင်စဉ်မှာ ကဲ့ရဲ့လှောင်ပြောင်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေနဲ့ ကြုံခဲ့ရပေမယ့်လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ စိတ်မာန်တင်းပြီး အားလုံးကို ဖြတ်ကျော်ပြနိုင်ခဲ့ပါတယ်။

“နည်းပြတာဝန်ကို ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့ နေပြည်တော်မှာ စတင်ခဲ့တယ်။ တစ်နှစ်ကြာပြီးမှ မြန်အောင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနရုံးကို ရောက်ခဲ့တယ်” လို့ ကိုသူက ပြောပါတယ်။

ကစားသမားတစ်ယောက် ဘဝကနေ ကိုယ်ကိုယ်တိုင် ဘောလုံးနည်းပြတစ်ယောက် ဖြစ်လာတဲ့အခါမှာ နည်းပြဆရာတွေရဲ့ခံစားမှုနဲ့ စေတနာတွေကို ပိုမိုနားလည်လာခဲ့မိပြီး ကစားသမားတွေကို ဘယ်လိုထိန်းကျောင်းရမယ်ဆိုတာကိုလည်း ပိုမိုသိရှိလာခဲ့ရတယ်လို့ ဆိုပါတယ်။

“ကိုယ်တိုင်နည်းပြတစ်ယောက်အနေနဲ့ စတင်ရပ်တည်တဲ့အချိန်မှာ ကလေးတွေ ကစားနေတာတွေကို အားမလို အားမရတာတွေ ဖြစ်ခဲ့ရတယ်။ စိတ်သွားတိုင်းကိုယ်မပါ၊ ကိုယ့်ကိုယ်ကို ဒေါသတွေဖြစ်ပြီး မထိန်းချုပ်နိုင်တာတွေ ဖြစ်ခဲ့ရဖူးတယ်။ နောက်ကျမှကလေးတွေရဲ့ စိတ်ကိုနားလည်လာနိုင်ခဲ့တယ်။ ဒါကနည်းပြတိုင်းခံစားရတဲ့ ပထမဆုံးအတွေ့အကြုံလို့ ထင်ပါတယ်” လို့ ကိုသူက သူ့ရဲ့နည်းပြဘဝအတွေ့အကြုံကို ပြောပြပါတယ်။

Transgender အမျိုးသား အား/ကာ ဒု-ဦးစီးအရာရှိတစ်ယောက်အနေနဲ့ တာဝန်စတင်ထမ်းဆောင်စဉ်မှာ ကဲ့ရဲ့လှောင်ပြောင်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေနဲ့ ကြုံခဲ့ရပေမယ့်လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ စိတ်မာန်တင်းပြီး အားလုံးကို ဖြတ်ကျော်ပြနိုင်ခဲ့ပါတယ်။

 

“ဟင်္သာတခရိုင် (၆) မြို့နယ် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲမှာ မြန်အောင်မြို့နယ်ကိုယ်စားပြု နည်းပြအနေနဲ့သွားတဲ့အခါ ပွဲကြည့်ပရိသတ်တွေရဲ့ ခွဲခြားဆက်ဆံမှုတွေနဲ့ ကြုံခဲ့ရတယ်။ ကျွန်တော့်ရဲ့ဖြစ်တည်မှုကို အခြေခံပြီး ခွဲခြားတာပေါ့။ အထူးသဖြင့် အိမ်ရှင်ဟင်္သာတအသင်းနဲ့ကန်တဲ့အချိန် ပရိသတ်တွေက ပွဲကြည့်စင်ပေါ်ကနေ ကျွန်တော်ကိုပဲ ပစ်မှတ်ထားပြီး ရေသန့်ဗူးတွေနဲ့ပေါက်တယ်၊ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေနဲ့လည်း ဆဲဆိုခဲ့ကြတယ်။ ယောက်ျားတစ်ယောက်လို ခံယူထားတဲ့ မိန်းမနည်းပြ အုပ်ချုပ်နေတဲ့အတွက်တဲ့လေ” လို့ ထိုစဉ်က အဖြစ်အပျက်ကို ကိုသူက စိတ်မကောင်းဟန်နဲ့ ရယ်သံစွက်ပြီး ပြောပြပါတယ်။

အဲဒီပြိုင်ပွဲမှာ သူ့ရဲ့ဖြစ်တည်မှုအပေါ် ပြင်းပြင်းထန်ထန် ကဲ့ရဲ့လှောင်ပြောင် အော်ဟစ်ဆဲဆိုနေကြတဲ့သူတွေကို သူအုပ်ချုပ်နည်းပြနေတဲ့ မြန်အောင်အသင်းနဲ့အတူ ဗိုလ်စွဲအောင်လုပ်ပြနိုင်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကို ဂုဏ်ယူလို့မဆုံးဘူးလို့လည်း ကိုသူက ထပ်မံပြောပါတယ်။

သူဟာ သူ့ရဲ့ဖြစ်တည်မှုနဲ့ပတ်သက်ပြီး ဘယ်တော့မှသိမ်ငယ်နေတာမျိုးမရှိဘဲ အလုပ်နဲ့ပတ်သက်ရင်လည်း အမြဲတမ်းကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ သူ ကိုင်တွယ်ရမယ့် ဘောလုံးအသင်းကို လူသစ်တွေ ရောက်လာပြီဆိုတာနဲ့ သူ စပြောလေ့ရှိတဲ့တစ်ခုကတော့ သူ့ရဲ့ လိင်စိတ်ကိုင်းညွတ်မှုနဲ့ ဖြစ်တည်မှုကို လေးစားအသိအမှတ်ပြုဖို့ ဖြစ်ပါတယ်။

“LGBT ဖြစ်လည်း ကိုယ်မှန်ရင် ခေါင်းဘယ်မရွေ့ဘူး။ သူများပစ္စည်းခိုးတာမှ မဟုတ်တာ။ ဘယ်သူတစ်ဦး တစ်ယောက်ကိုမျှ ဒုက္ခမပေးဘူး။ အဲလို စိတ်ခံယူထားတယ်။ ဘယ်နေရာ ကားနဲ့သွားသွား၊ ရထားနဲ့သွားသွား ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်မထားဘူး။ ကိုယ်လုပ်ရမယ့် အလုပ်ကို လုပ်တယ်” လို့ ကိုသူက သူ့ရဲ့ခံယူချက်ကို ပြောပါတယ်။

“ငါ့ပုံစံနဲ့ ဆရာမလို့မခေါ်နဲ့ မကြိုက်ဘူး။ ဆရာလို့ မခေါ်နိုင်ရင် ဒီအသင်းမှာ ဆက်ကစားဖို့ဖြစ်နိုင်၊ မဖြစ်နိုင် ကိုယ့်ဖာသာစဉ်းစား။ ကွင်းထဲရောက်လာတဲ့ သူကငါ့တပည့်ပဲ” လို့ ကျွန်တော် သူတို့ကို အမြဲပြောဖြစ်တယ်။

သူ့ရဲ့ အားကစားကပေးလိုက်တဲ့ အတွေ့အကြုံတွေနဲ့ ကြိုးစားမှုတွေက သူရဲ့ဖြစ်တည်မှုကို အကာအကွယ်ပေးနိုင်ခဲ့ပြီး သူ့ကို ပိုလို့ရင်ကျက်လာစေခဲ့ပါတယ်။ သူရဲ့အားကစားအတွေ့အကြုံနဲ့ အလုပ်တွေကြောင့် သူ့ပတ်ဝန်းကျင်မှာရော အလုပ်မှာပါ လေးစားခံရတဲ့ သူတစ်ယောက်အဖြစ် ရပ်တည်နေခဲ့ပြီလို့လည်း ဆိုနိုင်ပါတယ်။

အခုဆိုရင် သူ အားကစားသမားဘဝကရခဲ့တဲ့ အသိပညာတွေ၊ အတွေ့အကြုံတွေကိုဝေငှပြီး ထက်မြက်တဲ့ မျိုးဆက်သစ်ကစားသမားလေးတွေ ပေါ်ထွက်လာအောင် နည်းပြတစ်ယောက်အနေနဲ့ ပံ့ပိုးကူညီနိုင်ဖို့ ခံယူချက်ပြင်းပြင်းနဲ့ ကြိုးစားနေပါတယ်။

“LGBT ဖြစ်လည်း ကိုယ်မှန်ရင် ခေါင်းဘယ်မရွေ့ဘူး။ သူများပစ္စည်းခိုးတာမှ မဟုတ်တာ။ ဘယ်သူတစ်ဦး တစ်ယောက်ကိုမျှ ဒုက္ခမပေးဘူး။ အဲလို စိတ်ခံယူထားတယ်။ ဘယ်နေရာ ကားနဲ့သွားသွား၊ ရထားနဲ့သွားသွား ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်မထားဘူး။ ကိုယ်လုပ်ရမယ့် အလုပ်ကို လုပ်တယ်” လို့ ကိုသူက သူ့ရဲ့ခံယူချက်ကို ပြောပါတယ်။

ကြယ်စင်လင်း

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.