ရမ္မက်ခြွေပန်း
အရိုင်းပန်းလေးတွေရနံ့ ကြိုင်သင်းလို့
လောကဥယျာဉ်ကြီးထဲ ပျော်မြူးခဲ့ကြတယ်
ရောင်စုံလိပ်ပြာတွေအားခဲလို့
မြူဆွယ်နေလေရဲ့
အမြင်မတူသူတွေကြား
မနက်ဖန်များစွာအတွက် ခက်ခဲမှုတွေ များတယ်
အလှမက်ပန်းဖူးတို့စေရာမှာ
အသပြာတစ်ထပ်က လက်ယပ်ခေါ်နေတယ်
အိတ်ကပ်မှာလက်နှိုက်လို့
ရှေ့ဆက်ရက်တွေအတွက် အိပ်မက်တွေ မက်ခဲ့တယ်
အနှိုင်းမဲ့ပန်းချီကားတစ်ချပ်
ငွေတစ်ထပ်ကြောင့် သက်ဝင်လှပခဲ့ဖူးတယ်
ဘဝနဲ့အနာဂတ် စက္ကူတစ်ထပ်နဲ့လဲရင်း
ခန္ဓာအရောင်းအဝယ်မှာ ခြေရာတွေ ထပ်ခဲ့တယ်
မာနနဲ့သိက္ခာတရား အစိမ်းရောင်တွေကြား ပြားပြားဝပ်ခဲ့ရပေါ့
ထူးထွေဆန်းပြားတဲ့ ရောင်စုံပန်းချီတွေကြား
ကိုယ်ချယ်တဲ့ဆေးမှားမှန်း မသိခဲ့ကြဘူး လူးလားခေါက်ပြန်နဲ့ ဘနဖူးသိုက်တူးနေကြလေရဲ့
မှတ်ဥာဏ်တွေ ထုံထိုင်းပလီတိုင်းယုံခဲ့တော့
သုတစုံတွေ အမှောင်ဖုံးရင်း ဒီဒုက္ခတွင်းက ခုန်ထွက်ချင်မိတဲ့စိတ်နဲ့
ဘဝကိုရင်းခဲ့ကြတယ်
နှုတ်ဖျားမှာသကာလူး ညစ်ညူးတဲ့စိတ်ပိုင်ရှင်တွေ
ငွေယားကို လက်မှာထောင် မျက်နှာပြောင်တိုက်ခဲ့ကြတယ်
ကဲ…ဘယ်သူမှားလဲ
လောဘတွေကြား စကားနဲ့စားတယ်
မျက်စိစုံမှိတ် ငွေအိတ်နား ခွေအိပ်ချင်သူလား
ဒွိဟတွေကြား အသိတရားနဲ့ရုန်းထွက်လို့
ပန်းရိုင်းတွေအတွက် ဂုဏ်တင့်တဲ့ပန်းဖြစ်ဖို့
ငွေယားတစ်မတ်နဲ့ အသိငတ်နေတဲ့ လူတစ်စုကိုဖယ်ရှားလို့
အပြုံးတွေနဲ့ ရှေ့ဆက်လှမ်းကြပါစို့…
ပန်းရိုင်းတို့ရေ
အေဘုန်းခေတ်