အိန္ဒိယနိုင်ငံတွင် ရုပ်သိမ်းလိုက်သော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၇နှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကို Colors Rainbow မှ ဦးဆောင်ကာ ဟားဗက်တက္ကသိုလ်နှင့် ပူးပေါင်း၍ Melia Hotel Yongon ၌ ကျင်းပခဲ့
အိန္ဒိယနိုင်ငံတွင် ရုပ်သိမ်းလိုက်သော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၇နှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကို Colors Rainbow မှ ဦးဆောင်ကာ ဟားဗက်တက္ကသိုလ်နှင့် ပူးပေါင်း၍ နိုဝင်ဘာလ (၂)ရက်နေ့က Melia Hotel Yongon ၌ ကျင်းပခဲ့ပါတယ်။
အဆိုပါဆွေးနွေးပွဲတွင် ဟားဗက်တက္ကသိုလ်မှ ဥပဒေကတိက ဒေါ်ရီမွန်ထွန်းက အိန္ဒိယနိုင်ငံ၏ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၇ ကို ရုပ်သိမ်းနိုင်ရန် လုပ်ဆောင်ခဲ့တဲ့ အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံမှ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၊ ဥပဒေကြမ်းကော်မတီ( ပြည်သူ့လွှတ်တော်)၊ မြန်မာ LGBT အခွင့်အရေးဆိုင်ရာကွန်ယက်၏ ဥပဒေအကြံပေးအဖွဲ့ ၊ Legal Clinic Myanmar ၊ Colors Rainbow ၊ Gender Equality Network ၊ LGBT Rights Network ၊ Kings & Queens ၊ American Jewish World Service နဲ့ International Commission of Jurist တို့မှ တာဝန်ရှိသူများမှလည်း မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများနှင့် နှိုင်းယှဉ်ဆွေး နွေးခဲ့ကြပါတယ်။
“နောက်ဆုံးဆုံးဖြတ်တဲ့ တရားသူကြီးတွေက အိန္ဒိယမှာ ၃၇၇ ကို ဘာကြောင့် ဆက်ထားလို့ မရသလဲဆိုရင် အဓိက အချက်(၄)ချက်နဲ့ စဉ်း စားတယ်။ ဒါတွေက နံပါတ်(၁) အခြေခံဥပဒေ၊ နံပါတ်(၂) ဂုဏ်သိက္ခာ၊ နံပါတ်(၃) SOGIE နဲ့ ပတ်သက်တယ်။ နံပါတ်(၄)ကတော့ ကိုယ့်ဘဝကိုယ် ဆုံးဖြတ်ပိုင်ခွင့်ကို စဉ်းစားတယ်။ တရားသူကြီးအနေနဲ့ ဘာစဉ်းစားလိုက်သလဲဆိုရင် အခြေခံဥပဒေဆိုတာ အခြေအနေနဲ့အလိုက် ပြောင်းရတယ်။ တိုင်းပြည်တစ်ပြည်မှာ ရှေးခေတ်တုန်းက ဓလေ့တွေ၊ ရှေးခေတ်တုန်းက မလုပ်သင့် မလုပ်ထိုက်တာတွေ ရှိရင် ရှိမယ်။ ဒါပေမယ့် အခြေခံဥကဒေဆိုတာ ပြည်သူလူထု လူတိုင်းလူတိုင်းမှာ ရသင့်ရထိုက်တဲ့ အခွင့်ရေးတွေနဲ့ ပတ်သက်တယ်။ အခွင့်အရေးတွေက တစ်ချိန်မှာ မရှိပေမယ့် ပေးသင့်ပေးထိုက်တဲ့ အချိန်တွေရှိတယ်ဆိုပြီး စဉ်းစားဆုံးဖြတ်တယ်ပေါ့။ တစ်ချိန်တုန်းက အိန္ဒိယမှာ ခွဲခြားတာတွေ ရှိတယ်။ အခုက ၂၀၁၈ကို ရောက်နေပြီ။ အချိန်တွေ အများကြီးပြောင်းနေပြီ။ တကယ်လို့သာ အိန္ဒိယသည် တန်းတူညီမျှတဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် တကယ်တမ်း ရှေ့ဆက်သွားမယ်ဆိုရင် အခြေခံဥပဒေတွေကို ပြောင်းရမယ်ဆိုတာ ဆုံးဖြတ်လိုက်တဲ့ အထဲမှာပါတယ်”လို့ ဟားဗက်တက္ကသိုလ်မှ ဥပဒေကထိက ဒေါ်ရီမွန်ထွန်းက ရှင်းပြပါတယ်။
မြန်မာနိုင်ငံမှာ LGBT အခွင့်အရေးလုပ်ဆောင်နေသည့် Colors Rainbow အဖွဲ့အစည်းမှလည်း LGBT တွေကို ခွဲခြားနှိမ့်ချနေသည့် ပုဒ်မ ၃၇၅၊ ၃၇၇ နှင့်ပတ်သက်၍ ၂၀၁၄ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ စဉ်ဆက်မပြတ်လုပ်ဆောင်နေသလို ယခုလို ဆွေးနွေးပွဲမှ ရရှိလာသည့် အကြံပြုချက်များကိုလည်း လက်ရှိအစိုးရ၏ ကျန်သက်တမ်းကာလ (၂)နှစ်တာအတွင်း အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ် ကြောင်း သိရပါတယ်။
“အိန္ဒိယနိုင်ငံရဲ့ ပုဒ်မ ၃၇၇ ရုပ်သိမ်းလိုက်ဖို့ လုပ်နေတဲ့အကြောင်းကြားတဲ့အခါ ကျွန်မတို့ Colors Rainbow အနေနဲ့လည်း ပုဒ်မ ၃၇၅၊ ၃၇၇ နဲ့ပတ်သက်ပြီး အဆက်မပြတ်လုပ်ခဲ့တဲ့ လုပ်ငန်းတွေရှိတဲ့အခါ သူတို့ဆီက ဘယ်တွေများ သင်ခန်းစာရမလဲ သိချင်လို့ပါ။ နောက် အိန္ဒိယက ဥပဒေနဲ့ မြန်မာပြည်က ဥပဒေက ဗြိတိသျှလက်ထက်ကတည်းက အတူတူဖြစ်ခဲ့တဲ့အခါကျတော့ သူတို့ရဲ့ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၇ မှာပါတဲ့ အချက်အလက်နဲ့ ကျွန်မတို့ဆီမှာပါတဲ့ အချက်အလက်နဲ့တူတဲ့ အတွက်ကြောင့်မို့ သူတို့ကတော့ ဘာဖြစ်လို့ ဒါကိုလက်ခံပြီး ပြောင်းလဲခဲ့သလဲ။ ကျွန်မတို့ကကော ဘယ်လိုဖြစ်လို့ ပြောင်းလဲနိုင်ဖို့ အခက်အခဲ ရှိနေတာလဲပေါ့။ သူတို့ရှင်းပြတာကြည့်ရင် နှစ်တော် တော်များများ သူတို့လည်း ချီတက်ခဲ့ကြရတယ်။ ဒါပေမယ့် အခုဆိုရင် ကျွန်မတို့ လက်ရှိလုပ်နေတဲ့အဆင့်ထိကနေ ရှေ့လုပ်ငန်းစဉ်တွေကို ဘယ်လိုရှေ့ဆက်ရမလဲဆိုတာ ဆွေးနွေးကြတာပါ ”လို့ Colors Rainbow အဖွဲ့အစည်း၏ အမှုဆောင် ဒါရိုက်တာ ဒေါ်ခင်မမအေးက ပြောပါတယ်။
Colors Rainbow အဖွဲ့အစည်းအနေဖြင့် ပုဒ်မ ၃၇၅၊ ၃၇၇ နှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲနိုင်သည့် နည်းလမ်းများကို ၂၀၁၈ ခုနှစ်အတွင်း မတ်လ၊ ဇွန်လနှင့် ဇူလိုင်လများတွင် တရားဥပဒေစိုးမိုးရေးမှ တရားလွှတ်တော်ရှေ့နေများနှင့် Gender Equality Network တို့ဖြင့် (၃)ကြိမ်တိုင်တိုင် ဆွေးနွေးအဖြေထုတ်ခဲ့ပြီး ဖြစ်ပါတယ်။
“ရှေ့နေကြီးတွေနဲ့ တရားဥပဒေစိုးမိုးမှုအဖွဲ့က ပြောတယ်။ မြန်မာပြည်မှာတော့ မြန်မာ့နည်း မြန်မာ့ဟန်တွေနဲ့ ပြန်ပြီးလုပ်ရမယ့် သဘောလေးတွေ ရှိတယ်။ သူတို့ရဲ့ သဘောထားကတော့ အိန္ဒိယရဲ့ဆုံးဖြတ်ချက်အတိုင်း တစ်ခုလုံး ပြောင်းဖို့၊ ပြင်ဖို့တော့ နည်းနည်းခက်မယ်။ လုပ်လို့ရတဲ့ နည်းလမ်းတွေရှိတယ်ဆိုတော့ ကျွန်မတို့ Colors Rainbow အနေနဲ့လည်း (၃)လတိုင် ဆွေးနွေးခဲ့တာမှာ ပုဒ်မ ၃၇၇ က လို အပ်ချက်တွေကို ပုဒ်မ ၃၇၅ မှာ တချို့တစ်ဝက် ပါဝင်အောင်ထည့်ပြီး ကျွန်မတို့ရေးသားထားတဲ့ အကြောင်းအရာလေးတွေ ရှိတယ်ပေါ့။ ဆွေးနွေးချက်အရ သိရှိရတာက ဒါလေးကို ကျွန်မတို့က ဘယ်လိုပြောပြမလဲ၊ ဘယ်လိုလုပ်ကြမလဲဆိုတာကို မေးလိုက်ရတယ်ပေါ့”လို့ Colors Rainbow အဖွဲ့အစည်း၏ အမှုဆောင် ဒါရိုက်တာ ဒေါ်ခင်မမအေးက ထပ်မံပြောပါတယ်။
မြန်မာနိုင်ငံလူဦးရေ၏ (၅၀) ရာခိုင်နှုန်းရှိသော အမျိုးသမီးအခွင့်အရေးနှင့် လူဦးရေ၏ (၃၀)ရာခိုင်နှုန်းသာရှိသည့် ကလေးသူငယ်အခွင့်အ ရေးအတွက် တောင်းဆိုထားမှုများကို လက်ရှိ လွှတ်တော်တွင် လက်ခံမှုမရှိသေးသဖြင့် LGBT အခွင့်အရေးတောင်းဆိုရာတွင်လည်း အခက်အခဲများ ရှိလာနိုင်ကြောင်း ၎င်းက သုံးသပ်ပြထားပါတယ်။
“ကျွန်တော်တို့ မြန်မာပြည်မှာက တရားစီရင်ရေးစနစ်က မတူဘူး။ အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံရဲ့ အနေအထားလည်း မတူဘူး။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရဆိုရင် အခြေခံဥပဒေပြင်လို့ရှိရင် လွှတ်တော်ကနေပဲ တရားဝင်ပဲ ပြင်လို့ရတယ်။ အဓိပ္ပါယ်ဖွင့်ဆိုတာက အခြေခံဥပဒေခုံရုံးက ဖွင့်ဆိုတယ်။ ဒီလမ်းကြောင်းသွားတာ ခက်ခဲတယ်။ အခုလက်ရှိ အခြေခံဥပဒေကြောင့် လက်ရှိတရားရုံးတွေမှာ အမှုကို ဥပဒေပြဋ္ဌာန်းချက်အတိုင်းပဲ ဆုံးဖြတ်တယ်။ လိင်တူစပ်ယှက်ခြင်း မြောက်လား မမြောက်လားဆိုတာ ဥပဒေပြဋ္ဌာန်းချက်အတိုင်းပဲ၊ အရေးယူသင့်လား မယူသင့်လားဆိုတာလည်း ဥပဒေပြဋ္ဌာန်းချက်အတိုင်းပဲ ဆုံးဖြတ်တယ်။ အကြောင်းကြောင်းကြောင့် တရားသူကြီးတွေလည်း လူ့အခွင့်အရေးကြောင့်၊ တရားမျှတမှုကြောင့် ဒီဟာကို မယူသင့်ဘူးလို့ ဆုံးဖြတ်ခွင့် မရှိဘူး။ ဆုံးဖြတ်လေ့လည်း မရှိဘူး။ ဒါကြောင့် အိန္ဒိယရဲ့နည်းစနစ်အတိုင်းသွားရင် လုံးဝမဖြစ်နိုင်ဘူးလို့ ကျွန်တော်အနေနဲ့ သုံးသပ်ရပါတယ်” လို့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ပြောပါတယ်။
ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် အဆိုပါဥပဒေသည် လူ့အဖွဲ့အစည်းတစ်ခုလုံးနှင့် သက်ဆိုင်သောကြောင့် လက်ရှိအစိုးရ၏ သက်တမ်းကာလအတွင်းမှာပင် ဥပဒေကို အပြောင်းအလဲလုပ်နိုင်ရန် လိုအပ်ပြီး အမြန်ဆုံး ဥပဒေကြမ်းပြုစုကာ ဥပဒေကြမ်းကော်မတီထံသို့ တင်သွင်းနိုင်ပါက လုပ်ငန်းစဉ် ပိုမြန်သွားနိုင်ကြောင်း၊ ထို့အပြင် ဒုတိယအဆင့်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များကို စည်းရုံးသင့်ကြောင်း ၎င်းက ထပ်မံ အကြံပြုထားပါတယ်။
“ဒီဥပဒေပြဋ္ဌာန်းထားလို့ရှိရင် မြန်မာနိုင်ငံက LGBT တွေအနေနဲ့ ချိုးနှိမ်ခံရတယ်။ အလုပ်အကိုင်ကအစ ကျောင်းနေတာကအစ ကဏ္ဍအားလုံးမှာ ခွဲခြားခံရတယ်။ နောက်ဆုံး စားဝတ်နေရေးနဲ့ အိမ်ထောင်ပြုတာ ရှိတယ်။ ဒါက လူတိုင်းရဲ့ အခြေခံအချက်တွေပဲလေ။ LGBT တွေကို မင်းတို့ စားဝတ်နေရေးပဲလုပ်၊ အိမ်ထောင်ပြုခွင့်မပေးဘူးဆိုရင် ကွာဟချက်က ကြာလာတော့ နောက်ဆုံး သိမ်ငယ်လာတယ်။ အရှက်ကွဲလာတယ်။ ခိုးကြောင်ခိုးဝှက်လုပ်လာတဲ့အခါကျတော့ အရှက်တကွဲအကျိူးနည်းမယ်။ ထောင်ကျမယ်။ နောက်ဆုံး ကိုယ့်ကိုယ်ကို သတ်သေတာတွေ ရှိလာတယ်။ ဒါတွေ မဖြစ်အောင် ဥပဒေကို ပြင်ရမယ်”လို့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ထပ်မံပြောပါတယ်။
လက်ရှိတွင်လည်း Colors Rainbow အဖွဲ့အစည်းအနေဖြင့် LGBT များ အမှုအခင်းဖြစ်ပါက ပုဒ်မ ၃၇၇ နှင့် မငြိစွန်းဘဲ အရေးယူခြင်းများ မလုပ်နိုင်စေရန် လှိုင်သာယာ၊ သာကေတ၊ ရွှေပြည်သာ ၊ တာမွေ၊ မြောက်ဥက္ကလာနဲ့ သန်လျင်၊ တောင်ဥက္ကလာ၊ သင်္ကန်းကျွန်း၊ မင်္ဂလာဒုံ၊ တောင်ဒဂုံ၊ အင်းစိန်၊ လှည်းကူးနှင့် လှိုင်မြို့နယ် စသည့် မြို့နယ်(၁၃) မြို့နယ်တို့တွင် တရားလွတ်တော်ရှေ့နေများဖြင့် အခမဲ့ ရှေ့နေလိုက်ပေးနေကြောင်း သိရပါတယ်။