Colors Rainbow အဖွဲ့အစည်းက ရေးမြို့နယ်မှာ လူ့အခွင့်အရေးနဲ့ SOGIE ဆိုင်ရာ အမြင်ဖွင့်သင်တန်း ပြုလုပ်

Colors Rainbow အဖွဲ့အစည်းက မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း လူအချင်းချင်း ခွဲခြားဆက်ဆံမှုတွေ လျှော့နည်းလာဖို့ လူ့အခွင့်အရေးနဲ့ SOGIE ဆိုင်ရာ အမြင်ဖွင့်သင်တန်းကို စက်တင်ဘာလအတွင်း ဒုတိယအကြိမ်မြောက် သင်တန်းပေးခဲ့ပါတယ်။

ဒီသင်တန်းကို ရေးမြို့နယ်မှာ သုံးနှစ်တာအတွင်း ဒုတိယအကြိမ်မြောက်ပြုလုပ်ပေးခဲ့တာဖြစ်ပြီး ရွှေဧည့်သည် ဟိုတယ်မှာ စက်တင်ဘာလ (၁၈)ရက်မှ (၂၀)ရက်အထိ ပြုလုပ်ခဲ့ပါတယ်။

“ဒီမှာ အရင်က CSOs အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပွဲ တစ်ကြိမ်၊ သင်တန်းတစ်ကြိမ် လုပ်ခဲ့ဖူးပါတယ်။ ဒီဒေသမှာက NGO အဖွဲ့တွေက နည်းတော့ အမြင်ဖွင့်သင်တန်းတွေရဖို့ အခွင့်အလမ်း အရမ်းနည်းတယ်။ ဒါကြောင့်လည်း သင်တန်းအတွေ့အကြုံနည်းကြလို့ သင်တန်းဆိုရင် ကြောက်ကြ မဆိုင်သလိုနေကြတာ များတယ်။ ရေးမြို့မှာက LGBT အချင်းချင်း မလေးစားကြ၊ စည်းလုံးမှု မရှိကြဘူး။ ဒါကြောင့်လည်း သင်တန်းလုပ်ပေးတာပါ ”လို့ ထားဝယ်မြို့အခြေစိုက် Colors Rainbow အဖွဲ့မှ ဒေါ်အေးမွန်က ပြောပါတယ်။

ဒီသင်တန်းကို LGBT အများစု တက်ရောက်ကြသလို NGO နဲ့ ရေးမြို့နယ်က ကျန်းမာရေးဌာနမှ ဝန်ထမ်းတွေလည်း တက်ရောက်ကြတဲ့အတွက် တက်ရောက်သူအရေအတွက် (၂၂)ယောက် ရှိခဲ့ပါတယ်။

“ကျွန်တော်တို့ခေတ်က ဒီလိုအသိပညာပေးတဲ့ အဖွဲ့အစည်းတွေ မရှိဘူး။ LGBT ဆိုတာ အပြောခံ အနိုင်ကျင့်ခံ လူသားတွေ။ ဒါတွေကြောင့်လည်း LGBT အများစုက မဖြစ်သင့်တာတွေ ဖြစ်ကြတယ်။ ရောဂါတွေရပြီး သေကြတယ်။ ကိုယ်ကိုယ်ကိုယ် ကာကွယ်ရမှန်း မသိ၊ အခွင့် အရေးဆိုတာ ကြားတောင် မကြားဖူးပါဘူး။ အခုခေတ် LGBT တွေ အရမ်းကံကောင်းကြပါတယ်။ ကျွန်တော်ဘဝနဲ့ ဘဝတူသူငယ်ချင်းတွေရဲ့ ဖြစ်ရပ်တွေ၊ အခက်အခဲတွေကို စာရေးပြီး ပို့ပေးမယ်လို့ စဉ်းစားထားတယ်” လို့ Gay တစ်ဦးဖြစ်တဲ့ ဦးသက်က ပြောပါတယ်။

သင်တန်း (၃)ရက်တာအတွင်း လူ့အခွင့်အရေးအကြောင်းနဲ့ လူ့ဂုဏ်သိက္ခာဆက်စပ်ပုံ၊ အုပ်စုလိုက်အခွင့်အရေး၊ LGBT နဲ့ပတ်သက်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ လိင်နဲ့လိင်အခြေပြုအမြင် (Sex & Gender) အကြောင်း၊ SOGIE (လိင်စိတ်ကိုင်းညွတ်မှု၊ လိင်ဝိသေသခံယူမှုနဲ့ ဖော်ထုတ်ပြသမှု)ဆိုင်ရာ အယူအဆတွေ၊ ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ လိင်တူချစ်သူများအပေါ် မှားယွင်းသော ပုံစံခွက်သတ်မှတ်ထားခြင်း၊ လိင်တူချစ်သူတွေအပေါ် အကြောင်းမဲ့သက်သက် ရွံရှာမုန်းတီးခြင်း၊ လိင်တူချစ် သူတွေအပေါ် ခွဲခြားနှိမ့်ချဆက်ဆံခြင်းနဲ့ အကြမ်းဖက်ခြင်း၊ လိင်တူချစ်သူတွေနဲ့ သက်ဆိုင်သော ကျန်းမာရေးပြဿနာတွေ၊ လိင်တူချစ်သူတွေ သိရှိထားသင့်တဲ့ ဥပဒေတွေ စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးသင်ကြားပေးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.