တရားဥပဒေစိုးမိုးမှုရှင်သန်လာရေး
နိုင်ငံတစ်နိုင်ငံတွင် တရားဥပဒေစိုးမိုးရေးသည် အရေးကြီးကြောင်း နိုင်ငံခေါင်းဆောင်အသီးသီးမှ ပြောဆိုနေကြပါသည်။ မှန်ပါသည်။ တရားဥပဒေစိုးမိုးမှုမရှိသော နိုင်ငံတွင် တရားမျှတမှုသည်မရရှိနိုင်ပါ။ တရားမျှတမှုမရရှိသော နိုင်ငံတွင် ငြိမ်းချမ်းမှုသည်လည်း မရရှိနိုင်ပါ။ ငြိမ်းချမ်းမှုမရှိသော ထိုနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှုသည်လည်း ရရှိနိုင်မည်မဟုတ်ပါ။ သို့ဖြစ်ရာ တရားမျှတမှု၊ ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို အလိုရှိသည့် နိုင်ငံသည် တရားဥပဒေစိုးမိုးမှုရှင်သန်လာအောင် ဆောင်ရွက်ရန် အရေးကြီးပါသည်။ ယနေ့ မြန်မာနိုင်ငံသည် တရားဥပဒေနှင့် အညီနေထိုင်သည့် ဒီမိုကရေစီ လူ့ဘောင်အဖွဲ့အစည်းဖြစ်အောင် တည်ဆောက်နေသည့်ကာလ ဖြစ်ပါသည်။ ထို့အတွက်ကြောင့် နိုင်ငံအတွင်းရှိ နိုင်ငံသားတိုင်းသည် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ သဘောသဘာဝကို သိရှိနားလည်ရန် လိုအပ်ပေသည်။ သို့မှသာ တရားဥပဒေနှင့် အညီနေထိုင်သည့် လူ့ဘောင်အဖွဲ့အစည်းကို ဝိုင်းဝန်းတည်ဆောက်နိုင်မည်ဖြစ်ပါသည်။
တရားဥပဒေစိုးမိုးရေးဆိုသည်မှာ
တရားဥပဒေစိုးမိုးရေး (Rule of Law) ဆိုသည်မှာ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို အခြေခံပြီး “မူ” ဖြင့် ဆုံးဖြတ်သည့်စနစ် (rule-based system) တစ်ခု ဖြစ်ပါသည်။ ထို ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လူအများနားလည်အောင် ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး လူအများကလည်း သိရှိလက်ခံကြပါသည်။ ၎င်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လူတိုင်းကို တူညီစွာ ကျင့်သုံးဆောင်ရွက်မှု ရှိရပါမည်။
တရားဥပဒေ (Just Law)
ကောင်းမွန်သည့် ဥပဒေတစ်ခုသည် တရားမျှတမှုရှိခြင်း၊ ကျိုးကြောင်းဆီ လျော်မှုရှိခြင်း (အသက်ဝင်ပြီး) အရေးယူ ဆောင်ရွက်နိုင်မှုရှိခြင်း၊ လူအများနားလည်လက်ခံနိုင်ခြင်းစသည့် အင်္ဂါရပ်များနှင့် ပြည့်စုံရန်လိုအပ်ပါသည်။ ထိုသို့ ကောင်းမွန်သည့် ဥပဒေမူဘောင်များကို အများဆန္ဒနှင့်အညီ လွှတ်တော်တွင် ဆွေးနွေးအတည်ပြု ပြဋ္ဌာန်းပြီးနောက် လူတိုင်းကို ထိုဥပဒေနှင့်အညီ တူညီစွာဆက်ဆံမှု ရှိရပါမည်။ တရားဥပဒေ၏ အထက်တွင် မည်သူမျှမရှိရသကဲ့သို့၊ မည်သူ့ကိုမျှလည်း တရားဥပဒေအောက်တွင် မရှိစေရပါ။ လူတိုင်းလူတိုင်း ထိုပြဋ္ဌာန်းထားသည့် တရားဥပဒေများနှင့်အညီ တန်းတူညီမျှ ခံစားပိုင်ခွင့်၊ အကာအကွယ်ရပိုင်ခွင့်တို့ ရှိရမည် ဖြစ်ပါသည်။ တရားဥပဒေစိုးမိုးရေးဟူသည့် အဓိပ္ပာယ်တွင် အခွင့်အရေးသက်သက်သာ ပါဝင်သည်မဟုတ်ဘဲ တာဝန်ယူရသည်များလည်း ပါဝင်သည်ကို သတိပြုရပါမည်။
မူ နှင့် လူ (Rule of Law vs Rule by Law)
ဥပဒေများသည် လူပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခု၏ ဆန္ဒသဘောထားအတိုင်း ပြဋ္ဌာန်းပြီး လူအများက လိုက်နာရခြင်း၊ ထိုဥပဒေ ပြဋ္ဌာန်းပိုင်ခွင့်ရှိသည့် လူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းများသာ ဥပဒေ၏ အကာအကွယ်ရရှိခြင်း၊ ကင်းလွတ်ခွင့်ရရှိခြင်းမျိုးသည် တရားဥပဒေစိုးမိုးရေး (Rule of Law) ၏ စနစ်တစ်ခု မဟုတ်ပါ။ လူကိုအခြေခံသည့် ဆုံးဖြတ်သည့် စနစ် (man-based system) သာဖြစ်ပြီး၊ ထိုစနစ်ကို အာဏာရှိသူစိုးမိုးသည့်စနစ် (Rule by Law) ဟု ခေါ်ဆိုရမည် ဖြစ်ပါသည်။
မူကိုအခြေခံပြီး ဆုံးဖြတ်သော်လည်း ထိုသတ်မှတ်ထားသည့် “မူ” များသည် လူပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုတည်းအတွက်သာ ရည်ရွယ်လျှင် ထို “မူ” များ သည် လူကိုအခြေခံသည့် “မူ” များဟုပင် ဆိုရပါမည်။ အမှန်တကယ် တရားဥပဒေစိုးမိုးမှုကို လိုလားလျှင် အများပြည်သူတို့၏ အကျိုးစီးပွားကို ရည်မျှော်ပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့်မူများ၊ ကောင်းမွန်သည့် ဥပဒေများကို ပြည်သူလူထု သို့မဟုတ် ပြည်သူ့ ကိုယ်စားလှယ်များနှင့် ဆွေးနွေးအတည်ပြုပြီး၊ ထိုမူ (ဝါ) ဥပဒေများနှင့်အညီ အကောင်အထည်ဖော်ရမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံနှင့် တရားဥပဒေစိုးမိုးရေးပြောင်းလဲမှုဖြစ်စဉ်
မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီ လက်အောက်မရောက်ခင်အချိန်ထိ သက်ဦးဆံပိုင် ဘုရင်စနစ်ဖြင့် နှစ်ပေါင်းတစ်ထောင်ကျော် နေထိုင်ခဲ့ရသည်။ ထိုကာလများတွင် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးစနစ်သည် ရှင်ဘုရင်၏ ဆုံးဖြတ်ချက်များ(လူ) ပေါ်တွင်သာ မူတည်ခဲ့ရပါသည်။ ၁၈၈၆-၁၉၄၈ ကာလများတွင် ဗြိတိသျှကိုလိုနီတို့၏ တရားဥပဒေစိုးမိုးရေး စနစ်အောက်တွင် နေထိုင်ခဲ့ရပြီး ထိုကာလများမှစတင်၍ မြန်မာနိုင်ငံသားများသည် ဗြိတိသျှအုပ်ချုပ်ရေးစနစ်၊ တရားစီရင်ရေးစနစ်၊ ဥပဒေစနစ်တို့နှင့် စတင်ရင်နှီးခဲ့ရသည်။ အဆိုပါဗြိတိသျှတို့ ပြဋ္ဌာန်းသည့်မူများသည် ကိုလိုနီ (အဖွဲ့အစည်း) အကျိုးစီးပွားကိုသာ ရှေ့တန်းတင်ခဲ့သည်ကို တွေ့ရပါသည်။ မိမိနိုင်ငံသားများ၏ လူမှု၊ စီးပွားဆက်ဆံရေးစနစ်များကို လျစ်လျူရှုခံခဲ့ရပါသည်။
လွတ်လပ်ရေးရပြီး ပြည်ထောင်စုအစိုးရ(၁၉၄၈-၁၉၆၂) ခေတ်တွင် မြန်မာနိုင်ငံသည် ပါလီမန်ဒီမိုကရေစီစနစ် (မူ) ကို (၁၀) နှစ်ကျော်ခန့်သာ ကျင့်သုံးနိုင်ခဲ့ပြီး အစိုးရသည်လည်း ရောင်စုံတော်လှန်ရေးသမားများနှင့် ရင်ဆိုင်ခဲ့ရသည်။ နိုင်ငံတည်ဆောက်ရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ပေ။ ယင်းအပြင် တည်ငြိမ်သည့် နိုင်ငံရေးစနစ်ကိုလည်း တည်ဆောက်နိုင်ခဲ့ခြင်း မရှိခဲ့ပါ။ ထိုခေတ်က ကျင့်သုံးသည့် ဥပဒေစနစ်သည် ဗြိတိသျှဥပဒေ အများစုကိုသာ မိတ္တူကူး၍ အသုံးပြုခဲ့ရသည်ကို တွေ့ရှိရပါသည်။
၁၉၆၂ နောက်ပိုင်းမှ ၁၉၈၈ အထိ ကာလတွင် တော်လှန်ရေးကောင်စီနှင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရတို့က နိုင်ငံကိုဦးဆောင်ခဲ့ပြီး စစ်အုပ်ချုပ်ရေး၊ တစ်ပါတီ အာဏာရှင်စနစ်တို့ကို ကျင့်သုံးခဲ့သည်။ ထိုခေတ်ကာလက ပြဋ္ဌာန်းသည် ဥပဒေများသည် အများပြည်သူကို ရည်စူးသည်ဟု ဆိုသော်လည်း လူပုဂ္ဂိုလ်တစ်ဦး၊ တစ်ပါတီ၊ တစ်ဖွဲ့အတွက်သာ အကျိုးပြုခဲ့ပြီး၊ နိုင်ငံတော်အနေဖြင့်လည်း တရားဥပဒေစိုးမိုးရေးစနစ်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ခဲ့ခြင်းမရှိဘဲ အာဏာရှိသူစိုးမိုးရေးစနစ်ကိုသာ အားပေးခဲ့သည်ကို တွေ့ရှိရပါသည်။
၁၉၈၈ မှ ၂၀၁၀ တို့တွင် တပ်မတော် ဦးဆောင်သည့် အစိုးရများက ဦးဆောင်ခဲ့ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်ခဲ့ကြပါသည်။ ထိုကာလများတွင်လည်း ဥပဒေများသည် တပ်မတော်ဦးဆောင်သည့် အစိုးရများ၏အလိုကျ ရေးဆွဲပြဋ္ဌာန်းခဲ့ကြပါသည်။ အာဏာရှိသူ စိုးမိုးရေးစနစ်ကိုသာ အားပေးခဲ့ပြန်ပါသည်။ နိုင်ငံတော်၏ အာဏာသုံးရပ်စလုံးကို အစိုးရမှ ထိန်းချုပ်ခဲ့ပြီး နိုင်ငံတော်ကို ငြိမ်ဝပ်ပိပြားမှုရှိစေရန်အတွက် အမိန့်၊ ဥပဒေများနှင့်သာ အုပ်ချုပ်ခဲ့သည်ကို တွေ့ရပါသည်။
တရားဥပဒေစိုးမိုးရေး ရေခံမြေခံနှင့် ခေတ်ပြောင်း စနစ်ပြောင်း
အထက်ပါအခြေအနေများကို လေ့လာကြည့်လျှင် မြန်မာနိုင်ငံသည် ခေတ်ပြောင်း၊ စနစ်ပြောင်းများကိုသာ ဖြတ်သန်းနေရပြီး နိုင်ငံတည်ဆောက်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့အတွက် အာရုံစိုက်ပြီး မလုပ်နိုင်ခဲ့ကြပေ။ ထို့အပြင် ကောင်းမွန်သည့် ဥပဒေစနစ်၊ နိုင်ငံရေးစနစ်တို့ကိုလည်း တည်ဆောက်နိုင်ခဲ့ခြင်း မရှိသေးပေ။ စနစ်မကျသည့် စနစ်များနှင့်သာ မြန်မာနိုင်ငံသားများသည် ရင်းနှီးကျွမ်းဝင်ခဲ့ကြရပေသည်။ ယင်းအခြေအနေများကြောင့် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးသည် လူပုဂ္ဂိုလ်ကို သို့မဟုတ် အဖွဲ့အစည်းကို အခြေပြုရသည့် စနစ်မျိုးအမြစ်တွယ်နေသည့် ရေခံမြေခံဖြစ်နေပေသည်။
ယနေ့အချိန်ကာလသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်သည့် အချိန်ကာလ ဖြစ်သည့်အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ငြိမ်းချမ်းရေးကို တည်ဆောက်နေချိန်ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း နိုင်ငံသားတစ်ဦးချင်းစီ၏ ဝင်ငွေများတိုးတက်ဖို့၊ အကျင့်ပျက် အဂတိလိုက်စားမှု လျော့ချဖို့၊ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာဖို့ ဆောင်ရွက်နေရပြန်သည်။
နိုင်ငံတော်သည် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သုံးပွင့်ဆိုင် အသွင်ကူးပြောင်းလျက် နိုင်ငံတည်ဆောက်ရေးကို ဆောက်ရွက်နေရသည့် ကာလဖြစ်နေသည်။ အတိတ်ကာလက မတည်ဆောက်နိုင်ခဲ့သည့် နိုင်ငံရေးစနစ်၊ တရားဥပဒေစနစ်တို့ကို လူမှုဘဝနှင့် ဥပဒေတို့အား အံဝင်ခွင်ကျရှိစေရန်နှင့် အမြဲရှင်သန်နေစေရန်အတွက် စနစ်တကျ တည်ဆောက်ဖို့ လိုအပ်နေသည့် အချိန်လည်း ဖြစ်သည်။
တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတကာ စံနှုန်းများ
တရားဥပဒေစိုးမိုးရေး စနစ်တစ်ခုကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ မူဘောင်သတ်မှတ်ရာတွင် နိုင်ငံတွင်းရှိ ပြည်သူ ပြည်သားများ၏ ဓလေ့စရိုက်၊ အပြုအမူ၊ လူမှုလက္ခဏာရပ်များကို သွေဖည်ပြီး ဆောင်ရွက်၍မရပါ။ ထို့အတူနိုင်ငံတကာ စံနှုန်းများနှင့်လည်း လိုက်လျောညီထွေ ရှိစေရန် လုပ်ဆောင်ရပါသည်။ အဓိကကျသည်မှာ တရားဥပဒေစိုးမိုးရေးစနစ်သည် နိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့သာမက လူနေမှုမြင့်မားလာရေးနှင့် သဘာဝပတ်ဝန်းကျင်တို့ကိုလည်း ထိန်းသိမ်းစောင့် ရှောက်နိုင်ရမည် ဖြစ်သည်။ တနည်းအားဖြင့် တရားဥပဒေစိုးမိုးရေးစနစ်အောက်ရှိ ဥပဒေများသည် လူမှုဘဝကို ရောင်ပြန်ဟပ်ရပါမည်။
ကုလသမဂ္ဂမှ သတ်မှတ်ထားသည့် တရားဥပဒေစိုးမိုးရေးကို တိုင်းတာနိုင်မည့် အခြေခံမူများကိုလေ့လာကြည့်ပါက အောက်ပါအတိုင်း တွေ့ရှိရပါသည်။
၁။ ဥပဒေသည်သာ အမြင့်ဆုံး အာဏာပိုင်ဖြစ်ခြင်း၊ (ဥပဒေ၏ အထက်တွင်မည်သူမျှမရှိခြင်း၊)
၂။ ဥပဒေ၏ရှေ့မှောက်တွင်သာ တူညီမျှရှိခြင်း၊ (လူတိုင်းဥပဒေနှင့်အညီ တရားစွဲပိုင်ခွင့်၊ တရားစွဲဆိုခံရခြင်း၊)
၃။ ဥပဒေနှင့်အညီ တာဝန်ခံမှု၊ တာဝန်ယူမှု၊ တာဝန်သိမှုရှိခြင်း၊ (ဥပဒေနှင့်အညီသာ ပေးအပ်ထားသည့် အခွင့်အာဏာအတိုင်း ဆောင်ရွက်ရခြင်း၊)
၄။ ဥပဒေကို လိုက်နာကျင့်သုံးရာတွင် မျှတမှုရှိခြင်း၊ (လူမျိုး၊ ဘာသာ၊ နေရပ် စသည်တို့ပေါ်တွင်မူတည်၍ ခွဲခြားမှုမရှိ ခြင်း၊ ဥပဒေနှင့်အညီမျှတစွာ လိုက်နာကျင့်သုံးမှုရှိခြင်း၊)
၅။ အာဏာများကို ပိုင်းခြားထားခြင်း၊ (အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင် ရေးစသဖြင့် ပိုင်းခြားသုံးစွဲထားမှုရှိခြင်း၊)
၆။ ဆုံးဖြတ်ချက်များချမှတ်ရာတွင် ပါဝင်ခွင့်ပေးခြင်း၊ (မဲပေးပိုင်ခွင့်၊ လွှတ် တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံပိုင်ခွင့် စသည့် နိုင်ငံရေးရာကိစ္စများတွင် ပါဝင်ခွင့်ရရှိခြင်း၊)
၇။ ပြဋ္ဌာန်းဥပဒေများသည် တိကျခိုင်မာမှုရှိခြင်း၊ (ဥပဒေပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ပေးခြင်း၊)
၈။ အာဏာအလွဲသုံးစားပြု၍ ထင်ရာစိုင်းမှုများမရှိခြင်း၊ (ရာထူးအာဏာကို အသုံးပြု၍ ကိုယ်ကျိုးအတွက် ဆောင်ရွက်မှုမရှိခြင်း၊)
၉။ ပြဋ္ဌာန်းဥပဒေများ၊ လုပ်ထုံးလုပ် နည်းညွှန်ကြားချက်များသည် အများမြင် သာမှုရှိခြင်း၊ (ပြဋ္ဌာန်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်၊ အမိန့်များ စသည်တို့ကို အများပြည်သူ သိရှိအောင် ထုတ်ပြန်ပေးမှုရှိခြင်း၊)
အဆိုပါ မူများနှင့်အညီ ကျင့်သုံးဆောင်ရွက်နိုင်မှုရှိခြင်း၊ မရှိခြင်းတို့ကို ကြည့်၍ တရားဥပဒေစိုးမိုးမှု အားနည်း ခြင်း၊ အားကောင်းခြင်းတို့ကို တိုင်းတာနိုင်မည် ဖြစ်ပါသည်။
နိုင်ငံတော်အဖွဲ့အစည်းများဖြစ်သည့် အစိုးရအဖွဲ့အသီးသီး၊ ဥပဒေပြုလွှတ်တော်အသီးသီးနှင့် တရားလွှတ်တော် အသီးသီးတို့အပါအဝင် နိုင်ငံတွင်းရှိ လူတိုင်းသည် ဥပဒေနှင့်အညီ တာဝန်ခံမှု၊ တာဝန်ယူမှု၊ တာဝန်သိမှုရှိပြီး၊ အဆိုပါ ပြဋ္ဌာန်းဥပဒေများအတိုင်း လိုက်နာကျင့် သုံးမှုရှိခြင်း၊ အများပြည်သူသိရှိအောင် ဆောင်ရွက်ပေးခြင်း၊ ဥပဒေများသည် တည်ငြိမ်မှုရှိပြီး နိုင်ငံတကာစံနှုန်းများ နှင့်ဆီလျော်မှုရှိခြင်းနှင့် တရားစီရင်မှုတွင် ဝင်ရောက်စွက်ဖက်မှုကင်းခြင်းတို့ရှိမှသာ တရားဥပဒေစိုးမှုရှိသည့် အုပ်ချုပ်မှုစနစ်ဖြစ်မည် ဖြစ်ပါသည်။
ပြုပြင်ပြောင်းလဲရေး
တရားဥပဒေစိုးမိုးမှုရှင်သန်လာစေရန်အတွက် အဓိကလိုအပ်ချက်များဖြစ်သည့် အသိပညာ၊ ငွေကြေး၊ နိုင်ငံရေး၊ လူ့စွမ်းအားအရင်းအမြစ်တို့အနက် နိုင်ငံရေးခေါင်းဆောင်များ(လူများ)က တရားဥပဒေစိုးမိုးရေးမူကို ငြင်းဆန်လျှင် (သို့မဟုတ်) လက်မခံလျှင် တရားဥပဒေစိုးမိုးမှု ရှင်သန်လာရေး၊ ဒီမိုကရေစီထွန်းကားရေးတို့ကို ဆောင်ကြဉ်းပေးနိုင်မည် မဟုတ်ပါ။ ထိုကဲ့သို့ အခက်အခဲမျိုးကို အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများတွင် တွေ့ရှိရသည်။
ယနေ့မြန်မာနိုင်ငံတွင် နိုင်ငံကို ဦးဆောင်နေသည့် ခေါင်းဆောင်များက တရားဥပဒေစိုးမိုးရေးကို အလိုရှိကြောင်း၊ လက်ခံကြောင်း ပြောဆိုနေကြပါသည်။ လက်တွေ့တွင် မူဝါဒတစ်ရပ်၊ ဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာ အသီးသီးအပါအဝင် လူအများစုသည် တရားဥပဒေစိုးမိုးရေးကို အကောင်အထည် ဖော်လိုက်နာမှုများ အားနည်းနေသည်ကို တွေ့ရှိရပါသည်။ အခြားတစ်ဖက်တွင် လည်း ပြည်သူလူထု၏ တရားဥပဒေ အပေါ် နားလည်နိုင်မှုနှင့် လေးစားလိုက်နာမှုများသည်လည်း အချို့နေရာဒေသ များတွင် တိုးတက်မှုမရှိသလောက် နည်းနေသေးသည်ကို သတိပြုရမည် ဖြစ်သည်။ ဆိုလိုသည်မှာ တရားဥပဒေစိုးမိုးရေးအတွက် ပံ့ပိုးပေးရသည့် (Supply) ဘက်တွင်လည်းကောင်း၊ လက်ခံရယူသည့် (Demand) ဘက်တွင်လည်းကောင်း လိုအပ်ချက်များ၊ အားနည်းချက်များ အသီးသီးရှိနေခြင်း ဖြစ်သည်။
လက်ရှိအပြောင်းအလဲကာလတွင် ဖြစ်ပေါ်လေ့ရှိသည့် စိတ်ခံစားမှု အခက်အခဲများမှာ အကျင့်ပျက်ချစားမှုများ၊ ဒုစရိုက်မှုခင်းများ များပြားခြင်း၊ အကြမ်းဖက်မှုများ၊ အာဏာရှင်ဟောင်းတို့၏ အမူအကျင့်များ မဖျောက်နိုင်ခြင်း၊ ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှုများ အားနည်းခြင်း၊ ပြည်သူများမှ အစိုးရနှင့် ဌာနဆိုင်ရာများကို ယုံကြည်မှုလျော့နည်းခြင်း၊ နိုင်ငံသားများအနေဖြင့်လည်း အစိုးရသည် ပြုပြင်ပြောင်လဲရေးများ ဟန်ဆောင်လုပ်နေသည်ဟု ယူဆခြင်းစသည့် တို့ဖြစ်သည်။ အဆိုပါ စိတ်ဒဏ်ရာများကို အစိုးရများအနေဖြင့် (ဒီမိုကရေစီအစိုးရ အဆက်ဆက်သည်) ထိရောက်စွာ ကုစား နိုင်ခြင်းမရှိပါက လူထု၏ ယုံကြည်ကိုးစားမှုများကို လျော့ကျစေပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကိုလည်း အဟန့်အတားများ ဖြစ်ပေါ်စေနိုင်ပေသည်။ မြန်မာနိုင်ငံကဲ့သို့ တိုင်းရင်းသားလူမျိုးစုံနေထိုင်ပြီး၊ လက်နက်ကိုင်ပဋိပက္ခများနှင့် ရင်ဆိုင်ရသည့် နိုင်ငံများအဖို့မူ အထူးဂရုစိုက်ရန် လိုမည်ဖြစ်သည်။
ပြည်သူလူထုခံစားနေရသည့် စိတ်ဒဏ်ရာများအပေါ် စနစ်တကျ ကိုင်တွယ်မှုမရှိလျှင် မင်းမဲ့စရိုက်ဝါဒ (Anarchism) (သို့မဟုတ်) အာဏာရှင်ဝါဒ (Despotism) များဖြစ်ပေါ်လာနိုင်ပါသည်။ ထိုအစွန်းနှစ်ပါးမှ ရှောင်လွှဲနိုင်ရန်အတွက် ဒီမိုကရေစီ ဓလေ့စရိုက်များ ထွန်းကားစေမည့် တရားဥပဒေစိုးမိုးရေးကို လူအဖွဲ့အစည်းအတွင်း ရှင်သန်လာအောင် မလွဲမသွေ အကောင်အထည်ဖော်ရပါမည်။
တရားဥပဒေစိုးမိုးမှုရှင်သန်လာရေးအတွက် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရမည့် အဓိကကျသည့် ကဏ္ဍ (၃) ခုမှာ (၁) ဥပဒေဆိုင်ရာကိစ္စများ ပြုပြင်ပြောင်းလဲရေး၊ (၂) ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်သည့်အဖွဲ့အစည်းများ အားကောင်းမောင်းသန်ဖြစ်အောင် ဆောင်ရွက်ရေးနှင့် (၃) လွတ်လပ်သည့် တရားစီရင်ရေးစနစ် ဖြစ်ပေါ်လာရေးတို့ ဖြစ်သည်။
ဥပဒေဆိုင်ရာကိစ္စများပြုပြင်ပြောင်းလဲရေး
မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာဥပဒေများ၊ ဘဏ်စနစ်ဆိုင်ရာဥပဒေများ၊ အခွန်အကောက်ဆိုင်ရာဥပဒေများ၊ ပြစ်မှုဆိုင်ရာနှင့် ပတ်သက်သည့်ဥပဒေများ၊ အုပ်ချုပ်ရေးကဏ္ဍတွင် အသုံးပြုသည့် ဥပဒေများ စသည်တို့သည် ခေတ်စနစ်နှင့် မဆီလျော်သည့် ဥပဒေများစွာ ရှိပါသည်။ ထိုဥပဒေများကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ခြင်းတို့ကို ဆောင်ရွက်ရပါမည်။ ၂၀၁၀ မှ ၂၀၁၈ အတွင်း ထိုကိစ္စများကို ဆောင်ရွက်သော်လည်း အားနည်းချက်များစွာ ရှိနေသေးသည်ကို တွေ့ရသည်။
နိုင်ငံသား တစ်ဦးချင်းစီအပါအဝင် လူနည်းစုများ၏ အခြေခံအခွင့်အရေးများကို အကာအကွယ်ပေးနိုင်အောင်၊ အာမခံချက်ပေးနိုင်အောင်၊ အဓိကရုဏ်းများကို တားဆီးနိုင်အောင် အလေးထားအကောင် အထည်ဖော်ဆောင်ရွက်ရပါမည်။ အထူးသဖြင့် နိုင်ငံသားတိုင်း၏ အခြေခံအခွင့် အရေးများကို ဥပဒေနှင့်အညီ အကာအကွယ် ပေးနိုင်အောင် မဖြစ်မနေ ဆောင်ရွက်ရပါမည်။ စီးပွားရေးကဏ္ဍတွင်လည်း နိုင်ငံသားများ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် ဥပဒေများ၊ အခွန်အကောက်များကို ပြုပြင်ပြောင်းလဲပေးရပါမည်။ အထက်ပါအကြောင်းအရာများကို အကောင်အထည်ဖော်ရာတွင် အဟန့်အတားဖြစ်နေသည့် လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များကိုလည်း ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းတို့ ဆောင်ရွက်ပေးရပါမည်။
ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့် စပ်လျဉ်းပြီး လူအများ သိရှိနားလည်စေရန် နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်ရပါမည်။ (ဥပမာ- သက်ဆိုင်ရာဘာသာ စကားအလိုက် ရုပ်မြင်သံကြားမှ ပညာပေးဇာတ်လမ်းများပြသခြင်း၊ ကာတွန်းသရုပ်ဖော်များဖြင့် ဖော်ပြခြင်း၊ လက်ကမ်းစာစောင်များပေးခြင်း၊ ဟောပြောပွဲများ ဆောင်ရွက်ပေးခြင်းစသည်…)
ဥပဒေကို အကောင်အထည်ဖော်သည့် အဖွဲ့အစည်းများ အားကောင်းမောင်းသန်ဖြစ်အောင် ဆောင်ရွက်ရေး
ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ မည်မျှပင် ကောင်းအောင်ရေး ဆွဲပါစေ၊ အဆိုပါဥပဒေများကို အကောင်အထည်ဖော်ဆောင်ရွက်သည့် အဖွဲ့အစည်း (သို့မဟုတ်) ဌာနဆိုင်ရာ ဝန်ထမ်းများ၏ အရည်အချင်း အားနည်းခဲ့ပါက ပြဋ္ဌာန်းထားသည့် ဥပဒေများ၊ မူဝါဒများကိုအောင်မြင်အောင် ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ အထူးသဖြင့် တရားစီရင်ရေးကဏ္ဍရှိ တရားသူကြီးများ၊ ရဲလုပ်ငန်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များ၊ ဥပဒေအရာရှိ များ၊ ရှေ့နေရှေ့ရပ်များ၊ အကျဉ်းထောင်အရာရှိများကို စွမ်းဆောင်ရည်မြင့်အောင် လေ့ကျင့်သင်ကြားပေးခြင်း၊ လုံလောက်သည့် အသုံးအဆောင်ပစ္စည်းများ ပံ့ပိုးပေးခြင်း၊ လစာရိက္ခာများ မြှင့်တင်ပေးခြင်း တို့ဆောင်ရွက်ပေးခြင်းစသည်တို့ ဆောင်ရွက်ရပါမည်။ ထို့အပြင် ဥပဒေပြုအမတ်များ၊ အထွေထွေဦးစီးဌာနမှ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးကဏ္ဍတွင် ဆောင်ရွက်နေသည့် အဖွဲ့အစည်းအသီးသီးမှ ဝန်ထမ်းများနှင့် အောက်ခြေအဆင့် ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများကို စွမ်းဆောင်ရည်မြှင့်တင်ခြင်းများ ဆောင်ရွက်ရမည် ဖြစ်ပါသည်။
ဥပဒေရေးရာကိစ္စများတွင် ဆောင်ရွက်နေသည့် ဥပဒေဝန်ထမ်းများ၊ ရှေ့နေများ၊ တရားသူကြီးများ၏ ကျင့်ဝတ်စံနှုန်းများ လိုက်နာအောင်လည်း ကြီးကြပ်ရပါမည်။ ဥပဒေကျောင်းများ အဆင့်မြှင့်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ခြင်း၊ ဥပဒေအထောက်အကူပြု အဖွဲ့များဖွဲ့စည်းခြင်း၊ တရားရုံးများကို အများပြည်သူနှင့် လက်လှမ်းမီစေရန် ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးရပါမည်။ လူထုကြားဖြစ်ပွားသော ပြဿနာများနှင့် စပ်လျဉ်းပြီး ဖြေရှင်းရန် ဖြစ်နိုင်သမျှ နည်းလမ်းများကို ဖော်ထုတ်ပေးဖို့လည်း လိုအပ်ပါသည်။ အဖွဲ့အစည်း၊ ဌာနဆိုင်ရာများ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ရာတွင် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းစွာ ပြဋ္ဌာန်းခြင်းသည်လည်း အထောက်အကူပြုပါသည်။
လွတ်လပ်သည့် တရားစီရင်ရေးစနစ်ဖြစ်ပေါ်လာရေး
နိုင်ငံတွင်းရှိ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးတို့မှ ပုဂ္ဂိုလ်တို့သည် မိမိတို့ အခွင့်အာဏာကို အသုံးပြုပြီး တရားစီရင်ရေးကဏ္ဍကို ဝင်ရောက်စွက်ဖက်ခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။ တရားစီရင်ရေးကဏ္ဍသည် နိုင်ငံရေးအာဏာ လွှမ်းမိုးမှုတို့မှ ကင်းလွတ်ပြီး လွတ်လပ်စွာ ရပ်တည်သင့်သည်ဆိုသည့်အချက်ကို နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။ ထို့အပြင် တရားစီရင်ရေးစနစ်တွင် ပါဝင်သူများ (တရားသူကြီး၊ စာရေးစာချီ၊ ရုံးဝန်ထမ်း) အားလုံးတို့သည်လည်း အဂတိတရား ကင်းရှင်းပြီး အများပြည်သူတို့ တရားမျှတမှုဆိုင်ရာ အခွင့်အလမ်းများ (Access to Justice) ရရှိအောင် ကူညီဆောင်ရွက်ပေးရန်လည်း အရေးကြီးပေသည်။
လွတ်လပ်သည့် တရားစီရင်ရေး စနစ်ပေါ်ပေါက်မှသာလျှင် ပြည်သူများအနေဖြင့် တရားမျှတမှုဆိုင်ရာ အခွင့်အရေး (Access to Justice) ကို ရရှိခံစားနိုင်မည် ဖြစ်ပါသည်။
အဆိုပါက ကဏ္ဍသုံးရပ်ကို နိုင်ငံကို ဦးဆောင်ဦးရွက်ပြုနေသည့် ခေါင်းဆောင်ပိုင်း (Supply Side) မှ အစပြုပြီး ပြုပြင်ပြောင်းလဲရန်သာမက နိုင်ငံသား တစ်ဦးချင်း (Demand Side) မှလည်း မိမိတို့၏ အခွင့်အရေးကိုသိပြီး၊ တာဝန်ယူမှုလည်းရှိမည်ဆိုပါက မိမိတို့ အလိုရှိသည့် ဥပဒေနှင့်အညီနေထိုင်သည် ဒီမိုကရေစီ လူ့ဘောင်အဖွဲ့အစည်း၊ တရားဥပဒေစိုးမိုးသည့် လူ့ဘောင်အဖွဲ့အစည်းကို မလွဲမသွေ တည်ဆောက်ယူနိုင်မည် ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။
ဥပဒေကို လေးစားလိုက်နာသည့်
လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်စေရန် ရည်မျှော်လျက်
စံပြတင်ဦးကျော် (တရားလွှတ်တော်ရှေ့နေ)