လိင်တူချင်း ဆက်ဆံမှုကို ရာဇဝတ်မှုစာရင်းကနေ ပယ်ဖျက်ဖို့ လက်ဘနွန်နိုင်ငံက နိုင်ငံရေးပါတီကြီးတစ်ခု တရားဝင် စတင်ပြောဆို
လိင်တူချင်း ဆက်ဆံမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတာကနေ ပယ်ဖျက်ပေးမယ့် အစီအစဉ်တစ်ရပ်ကို လက်ဘနွန်နိုင်ငံရဲ့ နိုင်ငံရေးပါတီတစ်ခုက အများပြည်သူထံ အသိပေးချပြခဲ့ကြောင်း Pinknews သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ခရစ်ယာန် ဒီမိုကရက်တစ်ပါတီဖြစ်တဲ့ Kataeb ပါတီက ထုတ်ပြန်ထားတဲ့ “ခြေလှမ်းပေါင်း ၁၃၁ လှမ်း” လို့ အမည်ပေးထားတဲ့ ဒီအစီအစဉ်ထဲမှာ လိင်တူချင်း လိင်ဆက်ဆံတာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတဲ့ လက်ရှိဥပဒေနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရေး နည်းလမ်းတွေကို ချပြဆွေးနွေးထားတယ်လို့ ဆိုပါတယ်။
ဒီအစီအစဉ်ကို မကြာခင်မှာ ပြုလုပ်မယ့် လက်ဘနွန် အထွေထွေရွေးကောက်ပွဲမှာ ၎င်းတို့ပါတီအနေနဲ့ အနိုင်ရခဲ့မယ်ဆိုရင် အထူးဦးစားပေး လုပ်ဆောင်မယ့် အစီအစဉ်တွေထဲမှာ ထည့်သွင်းရေးဆွဲထားတယ်လို့ Kataeb ပါတီက ပြောပါတယ်။
လိင်တူချင်း ဆက်ဆံမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတဲ့ ဥပဒေအား ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး Kataeb ပါတီရဲ့ သဘောထား ထုတ်ပြန်ချက်ဟာ လက်ဘနွန်နိုင်ငံရဲ့ နိုင်ငံရေးနယ်ပယ်မှာ ပထမဦးဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
“ဒီဥပဒေဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးသမားတွေက လူမသိသူမသိ ကတိပေးတာမျိုးတွေ ရှိခဲ့ဖူးပေမယ့် အခုလို လူသိထင်ရှား ကတိပေးပြောဆိုတာကတော့ ဒါဟာ ပထမဦးဆုံးအကြိမ်ပါပဲ” လို့ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု ဆိုင်ရာ အာရပ်ဖောင်ဒေးရှင်းအဖွဲ့က အမှုဆောင်ဒါရိုက်တာဖြစ်သူ Georges Azzi က သူ့ရဲ့အမြင်ကို ပြောပါတယ်။
လက်ဘနွန်နိုင်ငံမှာ လိင်တူချင်း ဆက်ဆံမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားဆဲဖြစ်ပြီး ရာဇသတ်ကြီး ပုဒ်မ ၅၃၄ အရ ထောင်ဒဏ်တစ်နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ Pew Research Center ကနေ ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ လက်ဘနွန်ပြည်သူ (၇၉) ရာခိုင်နှုန်းက လိင်တူချင်း ဆက်ဆံမှုကို လက်မခံလိုကြောင်း ဆန္ဒသဘောထား ပေးခဲ့ကြပြီး (၁၈) ရာခိုင်နှုန်းခန့်ကသာ လက်ခံသင့်ကြောင်း သဘောထားပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
လက်ဘနွန်နိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကို မေလ (၆) ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။