တန်းတူညီမျှမှု အခွင့်အရေးအတွက် လုပ်ဆောင်ကြရာတွင်

ပြီးခဲ့တဲ့ နှစ်က နှစ်ကြိမ်တိတိ မြန်မာနိုင်ငံကို သွားရောက်ဖို့ အခွင့်အလမ်းတွေနဲ့ ကြုံခဲ့ပါတယ်။ ပထမအကြိမ်က တော့၂၀၁၅ ခုနှစ် နှစ်အစပိုင်း ဇန်နဝါရီလက ဖြစ်ပါတယ်။ အဲဒီတုန်းကတော့ မြန်မာနိုင်ငံ ခရစ်ယာန် ဓမ္မတက္ကသိုလ်မှာ ဖွင့်လှစ်ထားတဲ့ ငြိမ်းချမ်းရေး လေ့လာမှုစင်တာက ပညာရှင်တွေ၊ ကျောင်းသားတွေနဲ့ တွေ့ဆုံပြီး အသိပညာတွေ အတွေ့အကြုံတွေကို အပြန်အလှန် ဖလှယ်ခွင့်ရခဲ့ပါတယ်။

ဒုတိယအကြိမ် ခရီးစဉ်ကတော့ စက်တင်ဘာလလောက်မှာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ထူးထူးခြားခြားအနေနဲ့ Molly T. Marshall နဲ့ အတူ ခရီးသွားခဲ့ရတာ ဖြစ်ပါတယ်။ သူကတော့ အမေရိကန် Central Seminary ရဲ့ သဘာပတိတစ်ဦးပါ။ သူနဲ့အတူ ဒီတစ်ကြိမ်ခရီးစဉ်ကိုတော့ မြန်မာနိုင်ငံ ခရစ်ယာန်ဓမ္မတက္ကသိုလ်နဲ့ Colors Raibow အဖွဲ့ကနေ ကမကထပြုပြီး ကျင်းပပြုလုပ်တဲ့ လိင်မှုဗေဒဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်ဖို့ ဖြစ်ပါတယ်။ ဆွေးနွေးပွဲဟာ ဘာသာရေးနယ်ပယ်က အသိပညာရှင်တွေအပါအဝင် မြန်မာနိုင်ငံက LGBT တွေရဲ့ တန်းတူအခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်နေကြတဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ မတူကွဲပြားခြားနားတဲ့ အမြင်တွေနဲ့ စုံလင်လှပါတယ်။

ကျွန်မအနေနဲ့ ဒီဆွေးနွေးပွဲမှာ ပါဝင်ခွင့်ရဖို့အတွက် အခွင့်အလမ်းတွေ ပေးခဲ့တဲ့ Arcus ဖောင်ဒေးရှင်းကို အရင်ဆုံး ကျေးဇူးတင်မိပါတယ်။ ဒီဖောင်ဒေးရှင်းရဲ့ ထောက်ပံ့မှုကြောင့်သာ ဒီလို ဆွေးနွေးပွဲမှာ ကမ္ဘာတခွင် တရားမျှတမှု ရဖို့အတွက် ကြိုးစားဆောင်ရွက်နေကြတဲ့ ပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ လှုံ့ဆော်စည်းရုံးရေးသမားတွေနဲ့ တွေ့ဆုံခွင့်ရခဲ့တာ ဖြစ်ပါတယ်။ Arcus ဖောင်ဒေးရှင်းအနေနဲ့ အနာဂတ်ကမ္ဘာကြီးနဲ့ မှီတင်းနေထိုင်သူ ကမ္ဘာသူ ကမ္ဘာသားတို့ရဲ့ အပြုသဘောဆောင်တဲ့ အနာဂတ်ဟာ မတူကွဲပြားမှုတွေအပေါ် အချင်းချင်း အပြန်အလှန် လေးစား အသိအမှတ်ပြုမှုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှုတွေအပေါ် အနှစ်သာရအားဖြင့် မှီတည်နေတယ်ဆိုတာကို ယုံကြည်ကြောင်း အဖွဲ့အစည်းရဲ့ ဝဘ်ဆိုက်ဒ်စာမျက်နှာမှာ အတိအလင်း ဖော်ပြရေးသားထားပြီး ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းဟာ အဝေးမြင် ယုံကြည်ချက်တစ်ရပ်ရှိသလို လက်တွေ့အားဖြင့်လည်း ကျွမ်းကျင်သူတွေ၊ စည်းရုံး လှုံ့ဆော်ရေးသမားတွေနဲ့အတူ လက်တွဲပူးပေါင်းပြီးလည်း LGBT တွေနဲ့ ကျွႏနိုပ်တို့ရဲ့ မျိုးဆက်တွေအတွက် လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင် တရားမျှတမှုတွေ ခံစားခွင့်ရရှိဖို့ ကြိုးကြိုးစားစား ဆောင်ရွက်လျက် ရှိနေပါတယ်။

မြန်မာနိုင်ငံ ခရစ်ယာန်ဓမ္မတက္ကသိုလ်ရဲ့ ငြိမ်းချမ်းရေး လေ့လာမှုစင်တာ၊ ကာလာရိမ်းဘိုးအဖွဲ့နဲ့ Central Seminary တို့ကြားက ပူးပေါင်းလုပ်ဆောင်တဲ့ အခုဆွေးနွေးပွဲကိုလည်း Arcus ဖောင်ဒေးရှင်းကပဲ ငွေကြေးဆိုင်ရာတွေ ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဒီအဖွဲ့တွေကြောင်း ရှင်းပြဖို့ လိုပါတယ်။

julie_kilmer

Julie Kilmer (Right)

ကာလာရိမ်းဘိုးအဖွဲ့ဆိုတာကတော့ မြန်မာနိုင်ငံမှာ LGBT တွေရဲ့ အခွင့်အရေးအတွက် အသိပညာပေးမှုလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံမှာ LGBT တွေရဲ့ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေကို ကာလာရိမ်းဘိုးရဲ့ တာဝန်ရှိသူတွေက တင်ပြဆွေးနွေးခဲ့ကြပါတယ်။ ငြိမ်းချမ်းရေး လေ့လာမှုစင်တာကတော့ ဒေါက်တာ မောင်မောင်ရင်ရဲ့ ဦးဆောင်မှုနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အဖွဲ့အစည်း အသီးသီး၊ အသင်းတော်အချင်းချင်းကြား၊ လူအုပ်စုတွေကြားမှာ ငြိမ်းချမ်းမှုနဲ့ တရားမျှတမှုတွေကို မျိုးစေ့ချ၊ တိုးတက်စည်ပင်အောင် လုပ်ဆောင်နေမှုတွေအပေါ် စနစ်တကျ အထောက်အကူပြုနိုင်ရေး ဆောင်ရွက်နေတဲ့ စင်တာတစ်ခု ဖြစ်ပါတယ်။ Central Seminary ကတော့ President Molly T. Marshall ရဲ့ လမ်းညွန်မှု အောက်မှာ ပြည်သူ့ပေါ်လစီ၊ လူ့အခွင့်အရေးတွေနဲ့ ပတ်သက်လို့ ဘာသာရေးဆိုင်ရာ ရှုထောင့်ကနေ ဆွေးနွေးပို့ချချက်တွေနဲ့ အထောက်အကူပြု ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို လာရောက်တဲ့ခရီးစဉ်တိုင်း ကျွန်မကို အမြဲတမ်း ပြောင်းလဲစေခဲ့ပါတယ်။ လူအချင်းချင်း ခွဲခြားဆက်ဆံမှုတွေ၊ ဖိနှိပ်မှုတွေ၊ စီးပွားရေးအရ ရုန်းကန်နေရတဲ့ကြားက ဒီက လူတွေဟာ စွဲမြဲပိုင်းဖြတ်တဲ့ သန္နိဌာန်ကို ရင်မှာပိုက်ပြီး နေ့စဉ်နဲ့အမျှ တန်ဘိုးရှိအောင် ကြိုးစားနေကြပါတယ်။ ဒီလိုအခြေအနေမျိုးကို ကျွန်မတို့ဆီမှာ အလွယ်တကူ မတွေ့မြင်နိုင်ပါဘူး။ ဆွေးနွေးပွဲမှာပါဝင်ဖို့ ကမ်းလှမ်းခံရတာဟာ ကျွန်မအဖို့တော့ အင်မတန်မှ အံ့အားသင့်ပြီး သူတို့တွေနဲ့ ကျွန်မကြားက လေးနက်တဲ့ ဆက်သွယ်မှုတွေကိုလည်း ခံစားမိစေပါတယ်။

အမေရိကက LGBT တွေနဲ့ ဒီနိုင်ငံက LGBT တွေရဲ့ကြားက ရုန်းကန်လှုပ်ရှားနေရတာတွေဟာ အပြင်ပန်းအရ နီးစပ်တူညီမှုရှိပေမယ့် အသေးစိတ် အနီးကပ် လေ့လာကြည့်တဲ့အခါမှာတော့ အတော်လေး ကွဲပြားခြားနားမှုတွေ ရှိနေတာကို တွေ့ခဲ့ရပါတယ်။ အမေရိကမှာရှိတဲ့ LGBT တွေဟာ ကျန်းမာရေး စောင့်ရှောက်မှု၊ ဘာသာရေး လွတ်လပ်ခွင့်၊ လက်ထပ်ထိမ်းမြားခွင့်နဲ့ ကလေးမွေးစားပြီး မိသားစုဘဝထူထောင်ခွင့် ရရှိရေးတွေကို တောင်းဆိုနေကြပါတယ်။ အမေရိကက LGBT တွေဟာ အခွင့်အရေးတစ်ချို့ကို ရရှိနေပြီဆိုပေမယ့်လည်း ဖိနှိပ်မှုတွေဟာ အားကောင်းမောင်းသန်လျက် တည်ရှိနေဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဆန့်ကျင်ဖက်လိင်လို ဝတ်စားဆင်ယင် နေထိုင်တဲ့သူတွေဟာ ပတ်ဝန်းကျင်ရဲ့ ဖိနှိပ်မှုတွေနဲ့ ကြီးကြီးမားမား ရင်ဆိုင်ရလျက် ရှိနေဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက လိင်စိတ်ကွဲပြားမှုနဲ့ လိင်ဝိသေသခံယူမှုကြောင့် ခွဲခြားဆက်ဆံတွေအကြောင်းကို ကျွန်မ လေ့လာခဲ့ရသလောက် မြန်မာနိုင်ငံမှာ သဘာဝမကျတဲ့ လိင်ဆက်ဆံမှုအပြုအမူကို ဥပဒေကြောင်းအရ ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပါတယ်။ ပြစ်ဒဏ်တွေဟာ ညှင်းပမ်းနှိပ်စက်မှု ဒါမှမဟုတ် နှစ်ရှည်ထောက်ဒဏ်လောက်အထိ ဆိုးဆိုးရွားရွား အပြစ်ပေးနိုင်တာကိုလည်း လေ့လာသိရှိခဲ့ရပါတယ်။ ကျွနိုပ်အနေနဲ့ မြန်မာနိုင်ငံကို မသွားရောက်ခင်ကတည်းက အခြေအနေတစ်ချို့ကို လေ့လာသိရှိခဲ့ပေမယ့်လည်း သူတို့ (LGBT) တွေနဲ့တွေ့ပြီး ခွဲခြားဖိနှိပ်မှု အခြေအနေတွေကို တကယ့်လက်တွေ့ သိရှိပြီးတဲ့အချိန်မှာတော့ သူတို့နဲ့အတူ ရပ်တည်လိုစိတ်တွေ ပေါ်ပေါက်လာစေခဲ့ပါတယ်။

ဒါဟာ ကျွန်မတို့ တော်တော်များများမှာ မကြာခဏဖြစ်လေ့ရှိတဲ့ အမှန်တရားပါပဲ။ ကျွန်မတို့အနေနဲ့ ချီတက်ပွဲတွေ၊ ကွန်ဖရင့်တွေ၊ ဆွေးနွေးပွဲတွေမှာ ပါဝင်ဆင်နွဲရင်း၊ စာအုပ်စာစောင်တွေကို ဖတ်ရှုရင်းနဲ့ LGBT တွေ၊ တခြားနည်းနဲ့ သန်စွမ်းသူစသဖြင့် လူနည်းစုတွေရဲ့အရေးကို အားပေးထောက်ခံကြတယ်။ ကျွန်မတို့အနေနဲ့ မိမိကိုယ်ကို တန်းတူညီမျှမှုအတွက် အားပေးထောက်ခံသူတွေ တစ်နည်းအားဖြင့် မဟာမိတ်တွေအဖြစ် သတ်မှတ်ထားကြတယ်။ သို့သော် ကျွန်မတို့အနေနဲ့ အုပ်စုအားလုံးကို တန်းတူညီမျှ မကူညီနိုင်ပါဘူး။ ကျွန်မတို့အများစုဟာ ကိုယ်နဲ့ အလွမ်းသင့်ရာ အုပ်စုတွေမှာ ပါဝင်ပြီး အခြားသူတွေရဲ့ အခွင့်အရေးအတွက် လှုံ့ဆော်မှုတွေမှာ အတူလက်တွဲ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရပါတယ်။ ဒီလို ပါဝင်ဆောင်ရွက်နေခြင်းကပင် အခြားအုပ်စုတွေရဲ့ တန်းတူညီမျှရေးအတွက် လှုပ်ရှားတိုက်ပွဲဝင်နေကြတဲ့ကိစ္စမှာ ကျွန်မတို့အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ မပါဝင်နိုင်ရင်တောင် ကိုယ်ဟာ သူတို့နဲ့အတူ လက်တွဲ ရပ်တည်နေသူ ဖြစ်တယ်ဆိုတာကို ပြောလို့ရတဲ့ အချက်ပဲ ဖြစ်ပါတယ်။

“ငါတို့နဲ့ မဆိုင်ဘူးဆိုပြီး ပါးစပ်ပိတ် နှုတ်ဆိတ်မနေနိုင်ဘူး။ ကျွန်တော်ဟာ ရင်ထဲသည်းထဲကကို သူတို့တွေအတွက် ထပ်တူရပ်တည်သူတစ်ဦး ဖြစ်ပါတယ်။ သူတို့တွေရဲ့ အရေးဟာ ကျွနိုပ်တို့ရဲ့ အရေးပါပဲ” လို့ Timothy Murphy က ပြောဆိုခဲ့ဖူးပါတယ်။

LGBT တွေနဲ့ ပတ်သက်လို့လည်း ဥပမာပြောရမယ်ဆိုရင် လယ်စဘီယံတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ခွဲခြားဆက်ဆံခံရမှု အခြေအနေတွေဟာ တခြား ဂေးတွေ၊ Bisexual တွေ၊ Transgender တွေ ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ထပ်တူညီနိုင်မှာ မဟုတ်ပါဘူး။ LGBT အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူနဲ့ ထောက်ခံအားပေးသူ အနေနဲ့လည်း မြန်မာနိုင်ငံက တန်းတူအခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်ရတဲ့အခြေအနေဟာ အမေရိကက အခြေအနေနဲ့ ထပ်တူ တူညီနိုင်မှာ မဟုတ်ပါဘူး။ LGBT တွေဟာ ကိုယ်တိုင်လည်း ကိုယ့်အရေးအတွက် လှုပ်ရှားတောင်းဆိုကြရမှာ ဖြစ်သလို ကိုယ်နဲ့ မတူညီတဲ့ အုပ်စုတွေရဲ့ အရေးတွေမှာလည်း အားပေးထောက်ခံ အတူပူးပေါင်းပါဝင်ခြင်းဖြင့် နှစ်မျိုးစလုံး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

လယ်စဘီယံတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ခွဲခြားဆက်ဆံခံရမှု အခြေအနေတွေဟာ တခြား ဂေးတွေ၊ Bisexual တွေ၊ Transgender တွေ ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ထပ်တူညီနိုင်မှာ မဟုတ်ပါဘူး။

လှုပ်ရှားဆောင်ရွက်မှုတွေမှာ ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပါဝင်နေသူ လူထုစည်းရုံးရေးသမားတစ်ဦးအနေနဲ့ ပြောင်းလဲမှုတွေ ဖြစ်လာအောင် ကြိုးစားဆောင်ရွက်နေစဉ် တချိန်တည်းမှာပင် အားပေးထောက်ခံသူတစ်ဦးအနေနဲ့လည်း တခြားသူတွေရဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ခံစားနားလည်နိုင်ပါတယ်။ တန်းတူအခွင့်အရေးနဲ့ တရားမျှတမှုအရေး လှုပ်ရှားမှုမှာ ကိုယ်တိုင် ဆောင်ရွက်မှုနဲ့ တခြားသူတွေဖက်က ပူးပေါင်းရပ်တည်ပေးမှုမျိုးဆိုတာ နှစ်မျိုးစလုံး လိုအပ်ပါတယ်။

မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံက LGBT အရေး လှုပ်ရှားဆောင်ရွက်နေသူတစ်ဦးအနေနဲ့ တန်းတူညီမျှမှု အခွင့်အရေး လှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်ဖို့အတွက် ကျွန်မမှာ တာဝန်ရှိတယ်လို့ ခံယူထားပါတယ်။ ဒီအတွက် ကျွန်မအနေနဲ့ လူသားလိင်မှုသဘာဝနဲ့ ပတ်သက်တဲ့ ကွန်ဖရင့်တွေ တက်ရောက်ပါဝင်ဆွေးနွေးတာ၊ ပညာရေး အေထောက်အပံ့တွေ ဆောင်ရွက်ပေးတာ၊ LGBT နဲ့ ပတ်သက်ပြီး ပေါ်လစီတွေ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာဖို့ ပညာပေးတာ၊ တန်းတူညီမျှမှုအတွက် တောင်းဆိုချီတက်ပွဲတွေမှာ ပါဝင်ဆင်နွဲတာမျိုးတွေ လုပ်ဆောင်နေပါတယ်။

မကြာသေးမီက Charities Aid Foundation က ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံဟာ ရက်ရောမှုနဲ့ သဒ္ဓါတရား ထက်သန်မှုအရှိဆုံး နိုင်ငံများစာရင်းမှာ ထိပ်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဒါဟာ အစိုးရတွေ၊ အဖွဲ့အစည်းတွေရဲ့ အတိုင်းအတာတွေပေါ် သတ်မှတ်တွက်ချက်ထားတာ မဟုတ်ဘဲ နိုင်ငံသားတစ်ဦးချင်းစီရဲ့ သဒ္ဓါတရား စိတ်အားထက်သန်မှုအပေါ် အခြေခံပြီး တွက်ချက်ထားတာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံချင်းစီက ပြည်သူလူထုရဲ့ သဒ္ဓါတရားထက်သန်မှု ပမာဏကို ငွေကြေးထည့်ဝင် လှူဒါန်းမှု၊ ပရဟိတလုပ်အားပေး ဆောင်ရွက်မှု၊ သူစိမ်းတစ်ဖက်သားအပေါ် ကူညီကြတဲ့ ပြည်သူတွေရဲ့ အရေအတွက် ပမာဏအပေါ် အခြေခံပြီး တွက်ချက်ထားတာ ဖြစ်ပါတယ်။ တကယ်လို့သာ ကျွန်မတို့အနေနဲ့ LGBT တွေရဲ့ အခွင့်အရေးနဲ့ တန်းတူအခွင့်အရေး လှုပ်ရှားမှု တိုက်ပွဲတွေမှာ ဆော်ဩပါဝင် လှုံ့ဆော်မှုတွေကိုသာ အခြေခံ စံတန်ဖိုးတွေအဖြစ် သတ်မှတ်ပြီး အလားတူ လေ့လာမှုမျိုးကို ပြုလုပ်မယ်ဆိုရင် ထွက်ပေါ်လာမယ့် ရလဒ်နဲ့ ပတ်သက်ပြီး ကျွန်မအနေနဲ့ အံ့ဩမိမှာ မဟုတ်ပါဘူး။

လူထုစည်းရုံးရေးသမားတွေအနေနဲ့ ကျွန်မတို့့တွေကို တရားမျှတမှု ရရှိရေး လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ကြဖို့ တောင်းဆိုနေကြပါတယ်။ ဒီလိုနည်းလမ်းတွေနဲ့ ကျွနိုပ်တို့ တစ်ဦးချင်းစီဟာ LGBT တွေရဲ့ တန်းတူမှုရရှိရေး လှုပ်ရှားတိုက်ပွဲဝင်မှုတွေမှာ မတူကွဲပြားစွာ ဆောင်ရွက်နိုင်ကြမှာ ဖြစ်ပါတယ်။

မှတ်ချက်။ ။ ဤဆောင်းပါးကို ရေးသားသူ Rev. Dr. Julie J. Kilmer ဟာ Arcus Grant ရဲ့ ဒါရိုက်တာတစ်ဦး ဖြစ်သလို Central Seminary Michigan USA မှာ ဘာသာတရားနှင့် ကိုယ်ကျင့်တရားဆိုင်ရာ လက်ထောက် ပါမောက္ခတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.