အိန္ဒိယနိုင်ငံမှာ ပုဒ်မ ၃၇၇ ပယ်ဖျက်ရေး မျှော်လင့်ချက် ပြန်လည်အသက်ဝင်လာနိုင်ဖို့ ရှိသလား

အိန္ဒိယနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ပုဂ္ဂလိက လွတ်လပ်ခွင့်တွေဟာ လူတစ်ဦးချင်းစီအတွက် မရှိမဖြစ် အရေးကြီးတဲ့ အခြေခံအခွင့်အရေးတွေ ဖြစ်တယ်လို့ ဩဂုတ်လ ၂၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကြားနာမှုမှာ အိန္ဒိယနိုင်ငံ တရားလွှတ်တော်ချုပ်က စီရင်ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

တရားလွှတ်တော်ချုပ်ရဲ့ စာမျက်နှာပေါင်း ၅၄၇ မျက်နှာရှိတဲ့ အဆိုပါ စီရင်ချက်ထဲမှာ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကနေ အကာအကွယ်ပေးထားတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ၊ တရားဥပဒေ စိုးမိုးရေး၊ အာဏာရှင်စနစ် တိုက်ဖျက်ရေးစတာတွေအပါအဝင် တသီးပုဂ္ဂလ လွတ်လပ်မှုအခွင့်အရေးဆိုင်ရာ အချက်အလက်တွေကို အထူးအလေးပေး ဖော်ပြထားခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ အင်တာနက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

အမျိုးသားလုံခြုံရေးနဲ့ ထိရောက်တဲ့ အုပ်ချုပ်မှုရှိရေးအတွက်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အစိုးရအာဏာပိုင် အဖွဲ့တွေက အနီးကပ်စောင့်ကြပ် ကြည့်ရှုနေမှုတွေဟာ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တသီးပုဂ္ဂလ လွတ်လပ်ခွင့် အခွင့်အရေးတွေကို ချိုးဖောက်ရာ ရောက်နေစေတယ်လို့ တရားလွှတ်တော်ရဲ့ တရားသူကြီး ကိုးဦးပါဝင်တဲ့အဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။

နိုင်ငံတော်ရှေ့နေချုပ်ကတော့ တသီးပုဂ္ဂလလွတ်လပ်ခွင့်ဟာ ရှုထောင့်ရပ်တည်မှု ကွဲပြားတာနဲ့အမျှ ဂယက်ရိုက်ခတ်မှု အမျိုးမျိုးကို ဖြစ်စေနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ တသီးပုဂ္ဂလလွတ်လပ်ခွင့်ကို အများသူငါ ကောင်းကျိုးစီးပွားအတွက် စွန့်လွှတ်သင့်က စွန့်လွှတ်ရမယ်ဆိုတဲ့ နိုင်ငံတော်ရှေ့နေ့ချုပ်ရဲ့ လျှောက်လဲချက်ကိုလည်း တရားသူကြီးအဖွဲ့က ငြင်းပယ်ခဲ့ပါတယ်။

တရားလွှတ်တော်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ အရေးကြီးတဲ့ ပေါ်လစီတွေ ပြုပြင်ပြောင်းလဲရေးအတွက် တွန်းအား ဖြစ်စေမယ့်အပြင် ပုဒ်မ ၃၇၇ ပယ်ဖျက်ရေးကို အယူခံကြားနာဖို့ တောင်းဆိုထားတဲ့ LGBT တွေအတွက်လည်း မျှော်လင့်ချက်ကောင်းတွေ ဖြစ်စေလိမ့်မယ်လို့လည်း ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာ အင်္ဂလိပ်ကိုလိုနီ လက်ထက်ကတည်းက ပြဌာန်းထားခဲ့တဲ့ ပုဒ်မ ၃၇၇ ဖျက်သိမ်းရေးကို ဥပဒေ လမ်းကြောင်းကနေ နှစ်ပေါင်းများစွာကတည်းက ကြိုးစားနေကြပြီး ကြိုးစားမှုရလဒ်ဟာလည်း အတက်အကျတွေနဲ့အတူ ရှိနေခဲ့ပါတယ်။

Naz ဖောင်ဒေးရှင်းအဖွဲ့ဟာ ပုဒ်မ ၃၇၇ ပယ်ဖျက်ရေးအတွက် ၂၀၀၁ ခုနှစ်ကတည်းက တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ နယူးဒေလီ အထက်တန်းတရားရုံးက ဒီအမှုကို နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက အာမခံချက်ပေးထားတဲ့ နိုင်ငံသား အခွင့်အရေး၊ ပုဂ္ဂလိက လွတ်လပ်မှုအခွင့်အရေးတွေနဲ့ မကိုက်ညီကြောင်း ဆုံးဖြတ်ပြီး ရာဇဝတ်မှုအဖြစ်ကနေ ပယ်ဖျက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ၂၀၁၃ ခုနှစ်မှာ အထက်တန်း တရားရုံးရဲ့ ဒီဆုံးဖြတ်ချက်ကို အယူခံကြားနာစဉ်မှာတော့ တရားလွှတ်တော်က ပုဒ်မ ၃၇၇ ကို ရာဇဝတ်မှုအဖြစ် တဖန်ပြန်လည်ပြီး စီရင်ချက်ချမှတ်ခဲ့ပြန်ပါတယ်။ သို့သော် ပုဒ်မ ၃၇၇ နဲ့ပတ်သက်ပြီး တရားလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ဖို့ ကြိုးစားခဲ့တာတွေကြောင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ (၂) ရက်နေ့မှာတော့ ဒီအမှုကို တရားလွှတ်တော်အနေနဲ့ ကြားနာမှုတွေ တဖန်ပြုလုပ်ပေးမယ်လို့ ကတိကဝတ်တွေ ပြန်လည် ရရှိခဲ့ပါတယ်။

လက်ရှိမှာတော့ တရားလွှတ်တော်ကနေ ပုဒ်မ ၃၇၇ နဲ့ ပတ်သက်ပြီး သုံးသပ်ကြားနာမှုတွေ မလုပ်ဆောင်မီ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ ရှုထောင့်ကနေ အရေးပါတဲ့ အခြေခံအခွင့်အရေးအဖြစ် သတ်မှတ်တဲ့ ယခုလို ဆုံးဖြတ်ချက်တွေ ထွက်ပေါ်လာခဲ့တာကြောင့် ပုဒ်မ ၃၇၇ ပယ်ဖျက်ရေးကို တရားလွှတ်တော်ကနေ အယူခံ ကြားနာမယ့် အစီအစဉ်ဟာလည်း အကောင်းဖက်သို့ ဆောင်လာနိုင်လေမလားဆိုပြီး မျှော်လင့်ချက် မြင့်မားလာနေတယ်လို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။

တရားလွှတ်တော်ချုပ်ရဲ့ အဆိုပါ တရားသူကြီးအဖွဲ့ကလည်း လိင်စိတ်ကိုင်းညွတ်မှု၊ လိင်ဝိသေသခံယူမှုနဲ့ လိင်ဝိသေသခံယူမှုများအရ ထုတ်ဖော်မှုတွေဟာလည်း ပုဂ္ဂလိက လွတ်လပ်ခွင့်ဆိုင်ရာ အခြေခံအခွင့်အရေးတွေပင် ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။
ပုဒ်မ ၃၇၇ ဟာ သဘာဝမကျတဲ့ လိင်ဆက်ဆံမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပြီး ပြစ်မှုထင်ရှားသူကို ထောင်ဒဏ် (၁၀) နှစ် သို့မဟုတ် ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။ အိန္ဒိယနိုင်ငံကဲ့သို့ပင် အင်္ဂလိပ်ကိုလိုနီလက်အောက် ကျရောက်ခဲ့ဖူးတဲ့ မြန်မာနိုင်ငံမှာလည်း သဘာဝမကျတဲ့ လိင်ဆက်ဆံမှုကို ယခုချိန်အထိ ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြဌာန်းထားရှိဆဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.